မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပရိဝုဏ်အတွင်း တန်ဆောင်တိုင်မီးထွန်းပွဲတော်၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိ

     ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်အောင်မြင်ခဲ့သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပရိဝုဏ်တွင် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာလ ၂၅ ရက်မှစတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ အနယ်နယ် အရပ်ရပ်မှ ပါဝင်ဆင်နွှဲကြသည့် ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူများဖြင့် အထူးစည်ကားလျက်ရှိပါသည်-

  • မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဘုရားရင်ပြင်တော်အတွင်း ဆီမီးကပ်လှူ ပူဇော်ခြင်း၊ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းနှင့် ဝတ်အသင်းအဖွဲ့များက ဝတ်ရွတ်စဉ်များဖြင့် ပူဇော်ခြင်းတို့ကို ဆောင်ရွက်ကြရာ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း မြတ်စွာဘုရားရှင်၏ တရားဓမ္မသံများဖြင့် စိတ်ကြည်နူးဖွယ် ဖုံးလွှမ်းလျက်ရှိ။
  • တန်ဆောင်မုန်းလပြည့်နေ့၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပထမအကြိမ် မသိုးရွှေကြာသင်္ကန်းကပ်လှူပူဇော်သွားမည်ဖြစ်သည့်အတွက် နိုဝင်ဘာလ ၂၆ ရက်၊ ညနေပိုင်းမှစတင်၍ ရက်ကန်းစင်ကိုးစင်ဖြင့် မသိုးရွှေကြာသင်္ကန်းကို စတင်ရက်လုပ်နေ ကြရာ လေ့လာကြည့်ရှုကြသည့် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိ။
  • အလားတူ ကျောက်စာရုံစေတီတော်၊ မုစလိန္ဒကန်၊ နဂါးရုံဘုရားများ၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ မာရဝိဇယကျောင်းတော်နှင့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးသို့ လာရောက်ဖူးမြော်ကြည်ညိုလေ့လာကြသည့် ဘုရားဖူးလာပြည်သူများဖြင့်လည်း အထူးစည်ကားလျက်ရှိ။
  • ပွဲတော်လာပြည်သူများအတွက် ဖျော်ဖြေရေးအစီအစဉ်ကောင်းများအဖြစ် အနုပညာရှင်များက တေးသီချင်းကောင်းများဖြင့်လည်းကောင်း၊ သရုပ်ဖော်အကအလှများဖြင့်လည်းကောင်း သီဆိုကပြဖျော်ဖြေကြရာ လာရောက်အားပေးကြည့်ရှုသူများဖြင့် ကြိတ် ကြိတ်တိုးစည်ကားလျက်ရှိ။
  • အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ၏ဒေသထွက်ကုန်၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များနှင့် ဒေသထွက်မြန်မာ့ရိုးရာမုန့်ဆိုင်များဖွင့်လှစ်၍ ရောင်းချပေးလျက်ရှိရာ ဝယ်ယူသူများဖြင့် ကြိတ်ကြိတ် တိုးစည်ကားလျက်ရှိ။
  • ဘုရားဖူးလာ ကလေးငယ်များအတွက်လည်း ကလေးကစားကွင်းထားရှိပေးထားရာ ကစားနည်းများအလိုက် ကစားနေကြသည့် ကလေးငယ်များဖြင့်လည်း အထူးစည်ကားလျက်ရှိ။

တန်ဆောင်တိုင်မီးထွန်းပွဲတော်အား နိုဝင်ဘာလ ၂၇ ရက် (တန်ဆောင်မုန်းလပြည့်နေ့) အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်သည့်အတွက် အနယ်နယ်အရပ်ရပ်မှ ပြည်သူများအနေဖြင့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုရင်း တန်ဆောင်တိုင်ည၏ရသကို အပြည့်အဝခံစားနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၁၁-၂၀၂၃)

 

  • မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပရိဝုဏ်အတွင်း တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာလ ၂၅ ရက်မှ ၂၇ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ ပါဝင်ဆင်နွှဲကြသည့် ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူများဖြင့် အထူးစည်ကားလျက်ရှိ။
  • တန်ဆောင်မုန်းလပြည့်နေ့၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပထမအကြိမ် မသိုးရွှေကြာသင်္ကန်း ကပ်လှူပူဇော်သွားမည်ဖြစ်။
  • အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များနှင့် ဒေသထွက် မြန်မာ့ရိုးရာမုန့်ဆိုင်များဖွင့်လှစ်၍ ရောင်းချပေးလျက်ရှိရာ ဝယ်ယူသူများဖြင့် ကြိတ် ကြိတ်တိုးစည်ကားလျက်ရှိ။

Add new comment