အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်(Southeast Asia National Human Rights Institutions Forum)၏ (၁၉)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ၂၀၂၂ ခုနှစ်တွင် SEANF ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူသည့် ဖိလစ်ပိုင်နိုင်ငံလူ့အခွင့်အရေးကော်မရှင်က နိုဝင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်၌ ဖိလစ်ပိုင်နိုင်ငံ၊ ဇမ်ဘိုအမ်ဂါမြို့၌ hybrid format ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက online platform အသုံးပြု၍ ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေး၌ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူများက ဖိုရမ်၏ ပထမအကြိမ်လုပ်ငန်းအဖွဲ့အစည်းအဝေးကာလနောက်ပိုင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် အဓိကဖြစ်ပေါ် တိုးတက်မှုများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကော်မရှင်က ဦးဆောင်အဖွဲ့အစည်းအဖြစ် တာဝန်ယူထားသည့် ဖိုရမ်၏မဟာဗျူဟာစီမံကိန်း(၂၀၂၂-၂၀၂၆)၏ ဦးစားပေးအကြောင်းအရာ(၂)ဖြစ်သော “စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာ၌ လူ့အခွင့်အရေး ကို ကာကွယ်မြှင့်တင်ရေး” နှင့်စပ်လျဉ်း၍ ကော်မရှင်၏ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း ဆွေးနွေးတင်ပြမှုများ ပြုလုပ်ခဲ့ကြပါသည်။
အစည်းအဝေးအပြီးတွင် ဖိလစ်ပိုင်နိုင်ငံလူ့အခွင့်အရေးကော်မရှင်က ၂၀၂၃ ခုနှစ်တွင် ဖိုရမ်၏အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် ထိုင်းနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ ဖိုရမ်ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိ ရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၁၂-၂၀၂၂)
- အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ (၁၉)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့။
- အစည်းအဝေး၌ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူများက ဖိုရမ်၏ပထမအကြိမ်လုပ်ငန်းအဖွဲ့အစည်းအဝေးကာလနောက်ပိုင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ဆောင်ရွက်ချက်များအား ဆွေးနွေးခဲ့။
Add new comment