နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သရေခေတ္တရာမြို့ဟောင်း ကမ္ဘာ့အမွေအနှစ်ဒေသသို့ သွားရောက်၍ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းထားရှိမှုများကို သွားရောက်ကြည့်ရှုစစ်ဆေး

       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များနှင့် ဇနီးများ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ အောက်တိုဘာလ ၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ၏အရှေ့ တောင်ဘက် ၅ မိုင်ခန့်အကွာရှိ ပျူမြို့ဟောင်းများအနက် အကြီးဆုံးဖြစ်သည့် သရေခေတ္တရာမြို့ဟောင်းကမ္ဘာ့အမွေအနှစ်ဒေသသို့ သွားရောက်၍ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းထားရှိမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သရေခေတ္တရာမြို့ဟောင်းသို့ရောက်ရှိကြရာ တာဝန်ရှိသူများက ရှေးဟောင်းသုတေသနနည်းပညာသင်တန်းကျောင်း ဧည့်ခန်းမဆောင်၌ သရေခေတ္တရာကမ္ဘာ့အမွေအနှစ် ဒေသဆိုင်ရာများ၊ သရေခေတ္တရာမြို့ဟောင်းနှင့် ပျူတို့ဖြစ်ပေါ်လာခဲ့သည့် သမိုင်းကြောင်းဆိုင်ရာများ၊ မြို့ဟောင်းများတူးဖော်၍ ထိန်းသိမ်းဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ရှေးဟောင်းသုတေသနနည်းပညာသင်တန်းကျောင်းမှ ဘာသာရပ်ဆိုင်ရာသင်ကြားပို့ချနေမှုများ၊ စုဆောင်းရရှိသည့် ရှေးဟောင်းအမွေအနှစ်လက်ရာများအား ပြည်တွင်း၊ ပြည်ပမှ လာရောက်လေ့လာသူများ ကြည့်ရှုလေ့လာနိုင်ရေး သီရိခေတ္တရာပြတိုက်အတွင်း ပြကွက်၊ ပြခင်းများဖြင့် စနစ်တကျပြသထားရှိမှုစသည်တို့ကို မှတ်တမ်းအထောက်အထားများဖြင့် ရှင်းလင်းတင်ပြကြပါသည်။

        တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • ယဉ်ကျေးမှုအရ ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လေ့လာခြင်းဖြင့် ပြည်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမည်ဖြစ်သဖြင့် ရှေးဟောင်းအမွေအနှစ်များကို စနစ်တကျထိန်းသိမ်းကြရန်လိုကြောင်း။
  • တူးဖော်ရရှိသည့် ရှေးဟောင်းအမွေအနှစ်လက်ရာများ၊ ဘုရား၊ စေတီများ၊ အဆောက်အဦများ ထိန်းသိမ်းထားရှိမှုကို နောင်လာနောက်သားများ အထောက်အထားရရှိစေရေးအတွက် ဓာတ်ပုံမှတ်တမ်းများ၊ စာအုပ်စာတမ်းများဖြင့် ခုနှစ်၊ သက္ကရာဇ်အလိုက် စနစ်တကျ မှတ်တမ်းထားရှိရန်လိုကြောင်း။
  • ယခင်က မိမိတို့နိုင်ငံသူ၊ နိုင်ငံသားတို့၏ သမိုင်းကြောင်းအစဉ်အလာ မြင့်မားမှုများသည် စနစ်တကျမှတ်တမ်းရေးမှတ်ထားခြင်းမရှိသဖြင့် ပျောက်ပျက်ခဲ့ရသည်များ များစွာရှိခဲ့ကြောင်း။
  • မိမိတို့၏သမိုင်းကြောင်းဆိုင်ရာများကို စာအုပ်စာတမ်းများဖြင့် မှတ်တမ်းထားရှိခြင်း၊ ကွန်ပျူတာစနစ်ဖြင့် သိမ်းဆည်းခြင်းတို့ဖြင့် စနစ်တကျ မှတ်တမ်းထားရှိသွားရန်လိုကြောင်း။
  • ရာဇကုမာရ်ကျောက်စာတွင် ဗမာစာပေကို အမှီပြု၍ မွန်၊ ပျူ၊ ပါဠိဘာသာများဖြင့် ထပ်မံဘာသာပြန်ဆိုရေးထိုးထားသည်ကို တွေ့ရှိရသဖြင့် ပုဂံခေတ်တွင် မွန်၊ ပျူ၊ ဗမာတို့၏ စပ်ဆက်မှုများ၊ ပျူတို့၏ယဉ်ကျေးမှုများကို သုတေသနပြု ဖော်ထုတ် ရန်လိုကြောင်း။
  • ယဉ်ကျေးမှုနယ်မြေအား နိုင်ငံတကာအဆင့်ရှိသည့် ယဉ်ကျေးမှုတစ်ခုဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံတကာမှသမိုင်းကို လာရောက်လေ့လာသူများ ကမ္ဘာ့အဆင့်မီ ကြည့်ရှုလေ့လာနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း။
  • မြန်မာ့သမိုင်းကို ခိုင်ခိုင်မာမာ အဆင့်ရှိရှိပြသနိုင်သည့် ကမ္ဘာ့အဆင့်မီ ယဉ်ကျေးမှုဇုန်ဖြစ်ရမည်ဖြစ်ကြောင်း။
  • ရှေးဟောင်းယဉ်ကျေးမှုဇုန်များသည် ခရီးသွားလုပ်ငန်းအတွက် အရေးကြီးသည့်နေရာများဖြစ်ပြီး လာရောက်လေ့လာသူများပြားလာပါက ဖြစ်ပေါ်လာနိုင်မည့် ပို့ဆောင်ရေးလုပ်ငန်းများ၊ ဈေးဆိုင်များစနစ်တကျဖြစ်စေရေးအတွက်လည်း ကြိုတင်စီမံ ထားရန်လိုကြောင်း။
  • နိုင်ငံတကာမှ လာရောက်လေ့လာသည့် ပညာရှင်များ၊ ဝါသနာရှင်များမှတဆင့် မြန်မာ့သမိုင်းကို ကမ္ဘာ၌ ထည်ဝါစေရမည်ဖြစ်ကြောင်း။
  • ရှေးဟောင်းသုတေသနနည်းပညာသင်တန်းကျောင်းအနေဖြင့် သမိုင်းကြောင်းဆိုင်ရာသင်ကြားမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရမည်ဖြစ်ပြီး လိုအပ်သည်များကို နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့။

        ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် သရေခေတ္တရာယဉ်ကျေးမှုဇုန်အတွင်းရှိ သီရိခေတ္တရာပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် အဆင်တန်ဆာနှင့် အသုံးအဆောင်များဆိုင်ရာပြခန်း၊ စာပေနှင့် ကိုးကွယ်ယုံကြည်မှုဆိုင်ရာပြခန်း၊ ရှေးခေတ်အသုံးအဆောင်ပစ္စည်းများ၊ စာပေဆိုင်ရာအထောက်အထားများ၊ ပျူခေတ်အုတ်များ၊ ဗိသုကာလက်ရာများနှင့် ပျူခေတ်အသုံးအဆောင်ပစ္စည်းများ စသည့်ပြကွက်များကို တစ်ခုချင်းအသေးစိတ် စိတ်ဝင်တစား ကြည့်ရှု လေ့လာခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။

      ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် သီရိခေတ္တရာပြတိုက် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခြင်း၊ သရေခေတ္တရာယဉ်ကျေးမှုဇုန်အတွင်းရှိ နန်းတော်ရာနေရာသို့ သွားရောက်၍ ထိန်းသိမ်းထားရှိမှုများအား ကြည့်ရှုစစ်ဆေးကာ နန်းတော်ရာတွင်ရှိနေသည့် ကျုံးပြန်လည်တူးဖော်ရန်မှာကြားခြင်းနှင့် ရှေးဟောင်းသမိုင်းဝင် ဘောဘောကြီးစေတီသို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း ကပ်လှူပူဇော်ကာ စေတီတော်ကြီးဘက်စုံပြုပြင်မွမ်းမံရန် အလှူငွေများ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၁၀-၂၀၂၂)

  • ယဉ်ကျေးမှုအရ ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လေ့လာခြင်းဖြင့် ပြည်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမည်ဖြစ်သဖြင့် ရှေးဟောင်းအမွေအနှစ်များကို စနစ်တကျထိန်းသိမ်းကြရန်လို။
  • ရာဇကုမာရ်ကျောက်စာတွင် ဗမာစာပေကို အမှီပြု၍ မွန်၊ ပျူ၊ ပါဠိဘာသာများဖြင့် ထပ်မံဘာသာပြန်ဆိုရေးထိုးထားသည်ကိုတွေ့ရှိရသဖြင့် ပုဂံခေတ်တွင် မွန်၊ ပျူ၊ ဗမာတို့၏ စပ်ဆက်မှုများ၊ ပျူတို့၏ ယဉ်ကျေးမှုများကို သုတေသနပြုဖော်ထုတ် ရန်လို။
  • ယဉ်ကျေးမှုနယ်မြေအား နိုင်ငံတကာအဆင့်ရှိသည့် ယဉ်ကျေးမှုတစ်ခုဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံတကာမှသမိုင်းကို လာရောက်လေ့လာသူများ ကမ္ဘာ့အဆင့်မီ ကြည့်ရှုလေ့လာနိုင်ရေး ဆောင်ရွက်ရန်လို။
  • မြန်မာ့သမိုင်းကို ခိုင်ခိုင်မာမာ အဆင့်ရှိရှိပြသနိုင်သည့် ကမ္ဘာ့အဆင့်မီ ယဉ်ကျေးမှုဇုန်ဖြစ်ရမည်ဖြစ်။

Add new comment