အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ပြုလုပ်လျက်ရှိသည့် ကနဦးကန့်ကွက်လွှာ ဆိုင်ရာကြားနာပွဲတွင် မြန်မာကိုယ်စားလှယ်အဖွဲ့က ဒုတိယအကြိမ်မြောက် လျှောက်လဲ

ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌  ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide) ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းနှင့် ပတ်သက်သည့် ကနဦးကန့်ကွက်လွှာကြားနာပွဲတွင် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် လျှောက်လဲမှုကို ၂၅-၂-၂၀၂၂ ရက်နေ့က ပြုလုပ်ခဲ့ရာ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ကိုယ်စားလှယ် (Agent) အဖြစ်လည်းကောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက အလှည့်ကျကိုယ်စားလှယ် (Altern- ate Agent) အဖြစ်လည်းကောင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်လျှောက်လဲမှုတွင် မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံတကာရှေ့နေများဖြစ်ကြသော Dr. Christopher Staker ၊ Professor Stefan Talmon နှင့် Professor Robert Kolb တို့က မြန်မာနိုင်ငံက တင်သွင်းခဲ့သည့် ကနဦးကန့်ကွက်ချက်များနှင့်ပတ်သက်၍ ဂမ်ဘီယာနိုင်ငံ၏ ပထမအကြိမ်လျှောက်လဲ မှုများအပေါ် တရားရုံးသို့ တုံ့ပြန်ချေပပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံကိုယ်စားလှယ် (Agent) ဖြစ်သူ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က နိဂုံးချုပ်မိန့်ခွန်း ပြောကြားခဲ့ပါသည်။ အဆိုပါ နိဂုံးချုပ်မိန့်ခွန်းတွင် ပြည်ထောင်စုဝန်ကြီးက ဂမ်ဘီယာနိုင်ငံဘက်မှ ပြော ကြားခဲ့သော အချက်အလက်ပိုင်းဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာစွပ်စွဲပြောဆိုချက်များသည် ကနဦးကန့်ကွက်လွှာအဆင့်တွင် ပြောဆိုရန် သင့်လျော်ဆီလျော်မှုမရှိကြောင်း၊ ယခုအချိန်သည် မှန်ကန်သည့်အချိန်နှင့် နေရာမဟုတ်သည့်အတွက် အဆိုပါ စွပ်စွဲမှုများကို မြန်မာနိုင်ငံအနေဖြင့် ပြန်လည်တုံ့ပြန်မည်မဟုတ်ကြောင်း၊ အဆိုပါ စွပ်စွဲမှုများသည် တရားရုံးမှ တရားစွဲဆိုပိုင်ခွင့် ရှိ/မရှိ မဆုံးဖြတ်မီ မြန်မာအစိုးရအား ပြစ်မှုကျူးလွန်သူများအဖြစ်ယူဆစေရန် တရားသူကြီးများနှင့် အများပြည်သူကို သွေးဆောင်ခြင်းဖြစ်သည်ဟု မိမိအနေဖြင့် နားလည်ကြောင်း၊ ဂမ်ဘီယာနိုင်ငံ ကိုယ်စားပြုရှေ့နေများက တရားရုံးအနေဖြင့် ကြားဖြတ်စီမံဆောင်ရွက်ချက်များဆိုင်ရာ ဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံ၏ ကန့်ကွက်ချက်များကို ငြင်းပယ်ပြီးဖြစ်သဖြင့် ယခုတင်သွင်းသည့် ကနဦးကန့်ကွက်ချက်များကို အလေးအနက်စဉ်းစားရန်မလိုဟု အကြံပြုနေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး ဆုံးဖြတ်ချက်အပိုဒ် (၈၅) အရ မိမိတို့ ရပိုင်ခွင့်အား အသုံးချ၍ ကနဦးကန့်ကွက် လွှာတင်သွင်းခြင်းဖြစ်ကြောင်း၊ ထို့အပြင် ကနဦးကန့်ကွက်လွှာ အဆင့်တွင်ပင် စွပ်စွဲထားသည့်ပြစ်မှုများနှင့်ပတ်သက်၍ ကြိုတင်ဆုံးဖြတ်ခြင်းမျိုး မပြုသင့်ကြောင်း၊ သို့ရာတွင် ဂမ်ဘီယာနိုင်ငံက ယခုကြားနာပွဲကို အသုံးပြု၍ ထိုကဲ့သို့ စွပ်စွဲမှုများပြုလုပ်ခဲ့၍ မြန်မာနိုင်ငံကိုယ်စားလှယ်အနေဖြင့် လုံးဝတုံ့ပြန်ခြင်းမပြုဘဲ ဆိတ်ဆိတ် နေ၍ မရပါကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ်ကို လိုက်နာရန် သန္နိဌာန်ချမှတ်ထားပြီးဖြစ်ကာ ယင်းသဘောတူညီချက်နှင့်အညီ  ရာဇသတ်ကြီးကို ပြင်ဆင်သည့်ဥပဒေနှင့် ရာဇဝတ်ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေတို့ကို ပြဌာန်း ခဲ့ပြီးဖြစ်ကြောင်း၊  ကြားဖြတ်စီမံဆောင်ရွက်ချက်များအရ လိုက်နာဆောင်ရွက်ရမည်များကိုလည်း အကောင်အထည်ဖော်လျက်ရှိကြောင်း၊ မြေပြင်အခြေအနေများ ပိုမိုကောင်းမွန်လာစေရန်လည်း စဉ်ဆက်မပြတ် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ တရားရုံးတွင် စီရင်ပိုင်ခွင့်မရှိကြောင်း (သို့မဟုတ်/ နှင့်) ဂမ်ဘီယာနိုင်ငံအနေဖြင့် တရားစွဲဆိုပိုင်ခွင့်မရှိကြောင်း တရားရုံးက ဆုံးဖြတ်ပေးရန် အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ တင်ပြခဲ့ပါသည်။ ဂမ်ဘီယာနိုင်ငံ၏ ဒုတိယ အကြိမ် လျှောက်လဲမှုကို ၂၈-၂-၂၀၂၂ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

  • ဂမ်ဘီယာနိုင်ငံဘက်မှ ပြောကြားခဲ့သော အချက်အလက်ပိုင်းဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာစွပ်စွဲပြောဆိုချက်များသည် ကနဦးကန့်ကွက်လွှာအဆင့်တွင် ပြောဆိုရန် သင့်လျော်ဆီလျော်မှုမရှိ၊ ယခုအချိန်သည် မှန်ကန်သည့်အချိန်နှင့် နေရာမဟုတ်သည့်အတွက် အဆိုပါ စွပ်စွဲမှုများကို မြန်မာနိုင်ငံ အနေဖြင့် ပြန်လည်တုံ့ပြန်မည် မဟုတ်၊ အဆိုပါ စွပ်စွဲမှုများသည် တရားရုံးမှ တရားစွဲဆိုပိုင်ခွင့် ရှိ/မရှိ မဆုံးဖြတ်မီ မြန်မာအစိုးရအား ပြစ်မှုကျူးလွန်သူများအဖြစ်ယူဆစေရန် တရားသူကြီးများနှင့် အများပြည်သူကို သွေးဆောင်ခြင်းဖြစ်။
  • မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး ဆုံးဖြတ်ချက်အပိုဒ် (၈၅) အရ မိမိတို့ရပိုင်ခွင့်အားအသုံးချ၍ ကနဦးကန့်ကွက်လွှာတင်သွင်းခြင်းဖြစ်၊ ကနဦးကန့်ကွက်လွှာအဆင့်တွင်ပင် စွပ်စွဲထားသည့်ပြစ်မှုများနှင့်ပတ်သက်၍ ကြိုတင်ဆုံးဖြတ်ခြင်းမျိုး မပြုသင့်။
  • မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ်ကို လိုက်နာရန် သန္နိဌာန်ချမှတ်ထားပြီးဖြစ်ကာ မြေပြင်အခြေအနေများ ပိုမိုကောင်းမွန်လာစေရန်လည်း စဉ်ဆက်မပြတ် ကြိုးပမ်းနေ
  • ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ တရားရုံးတွင် စီရင်ပိုင်ခွင့်မရှိကြောင်း (သို့မဟုတ်/နှင့်) ဂမ်ဘီယာနိုင်ငံအနေဖြင့် တရားစွဲဆိုပိုင်ခွင့် မရှိကြောင်း တရားရုံးက ဆုံးဖြတ်ပေးရန် အပြည်ပြည်ဆိုင်ရာတရားရုံးသို့ တင်ပြခဲ့

Add new comment