စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရေကန်သာကျေးရွာအုပ်စု ရပ်/ကျေးစာရေးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ကျောက်ပြင်သာကျေးရွာအုပ်စု၊ မင်းကုန်းကျေးရွာနေ ဒေါ်နေခြည်မင်း၏ နေအိမ်သို့ PDF အကြမ်းဖက်သမားများ ရောက်ရှိလာပြီး ၎င်း၏မောင်ဖြစ်သူအား “ဒေါ်နေခြည်မင်း အနေဖြင့် အလုပ်မှ CDM ပြုလုပ်ပြီး ကျေးရွာသို့ရောက်ရှိသည့်အချိန်မှ ပြန်လွှတ်ပေးမည်” ဟုပြောဆို၍ ဓားစာခံဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။ ထို့နောက် မောင်ဖြစ်သူအား ပြန်လည်ခေါ်ယူနိုင်ရေးအတွက် ဒေါ်နေခြည်မင်းသည် မိမိတာဝန်ထမ်းဆောင်လျက်ရှိသည့် ရေကန်သာကျေးရွာအုပ်စုမှ မင်းကုန်း ကျေးရွာသို့ ခွင့်ပြန်သွားခဲ့ပြီး အကြမ်းဖက်သမားများထံမှ မောင်ဖြစ်သူအား ပြန်လည်ခေါ်ယူ၍ ကျေးရွာ၌ ပြန်လည်နေထိုင်ခဲ့ပါသည်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းကုန်းကျေးရွာသို့သွားရောက်၍ လုံခြုံရေးလုပ်ငန်းများဆောင်ရွက်စဉ် အဆိုပါကျေးရွာနေပြည်သူများက အကြမ်းဖက်သမားများနှင့် တိုက်ပွဲဖြစ်ပွားမည်ကို ကြောက်ရွံ၍ ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း ဒေါ်နေခြည်မင်းနှင့် မိသားစုဝင်များမှာ ၎င်းတို့၏နေအိမ်၌ ဆက်လက်နေထိုင်ခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်း လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ပြီးစီး၍ ပြန်လည်ထွက်ခွာသွားပြီးနောက် ၎င်းကျေးရွာအတွင်းသို့ PDF အကြမ်းဖက်သမားများ ဝင်ရောက်လာပြီး ဒေါ်နေခြည်မင်းအား “သတင်းပေး၊ ဒလန်” ဟု စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွား၍ သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါသည်။
PDF အကြမ်းဖက်သမားများသည် ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ နိုင်ငံတော်အပေါ်သစ္စာစောင့်သိ၍ တာဝန်များထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား လူအုပ်စုဖွဲ့၍ လက်နက်အားကိုးဖြင့် အနိုင်အထက်ပြုကျင့်ကာ အတင်းအကြပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ်ခြင်းမရှိသူ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟု အကြောင်းအမျိုးမျိုးပြ စွပ်စွဲကာ ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။ ထို့ကြောင့် အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူများအနေဖြင့် အကြမ်းဖက်သမားများအား ကြောက်ရွံ့ ရွံရှာ စက်ဆုပ်လျက်ရှိပြီး ၎င်းတို့အား နိုင်ငံတကာမှ ဝိုင်းဝန်းဆန့်ကျင်ရန် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများက လိုလားလျက်ရှိပါသည်။
၎င်းတို့အပေါ် လိုလားထောက်ခံခြင်းမရှိသူများနှင့် နိုင်ငံ့ဝန်ထမ်းများအား အမျိုးမျိုးစွပ်စွဲသတ်ဖြတ်ခြင်းများ ကျူးလွန်လျက်ရှိသဖြင့် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် မိမိတို့ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ဝိုင်းဝန်းပူးပေါင်းကာကွယ်သွားကြရန်နှင့် အကြမ်းဖက် သမားများ၏ လှုပ်ရှားမှုသတင်းများကိုရရှိပါက နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာဆက်သွယ်သတင်းပေးပို့၍ အကြမ်းဖက်သမားများ ရပ်တည်မှုမရှိနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားကြပါရန် မေတ္တာရပ်ခံသတင်းထုတ်ပြန်ထားရှိပါသည်။
- စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ PDF အကြမ်းဖက်သမားများက မင်းကုန်းကျေးရွာနေ ရပ်/ကျေးစာရေး အမျိုးသမီးတစ်ဦးအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲကာ ရက်စက်စွာသတ်ဖြတ်ခဲ့။
Add new comment