နမ့်မယ်ခုံဒေသအားအခြေပြု၍ လွိုင်ကော်မြို့၏ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသခံပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးနှောင့်ယှက်လျက်ရှိသည့် KNPP အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့များ၏ အခြေပြုစခန်းများအား သိမ်းပိုက်ရရှိ

 

KNPP နှင့် PDF အကြမ်းဖက်အဖွဲ့များအနေဖြင့် ကယားပြည်နယ်အတွင်း အစိုးရ၏အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်ရည်ရွယ်၍ လွိုင်ကော်မြို့နှင့် အနီးဝန်းကျင် တစ်ဝိုက်၌ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစတင်ကာ အဖျက်အမှောင့်လုပ်ရပ်မျိုးစုံကို နမ့်မယ်ခုံဒေသတစ်ဝိုက်တွင် အခြေပြု၍ လုပ်ဆောင်လာခဲ့ပြီး လူနေအဆောက်အဦ များနှင့် ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ အဆောက်အဦများကို အကာအကွယ်ရယူ၍လည်းကောင်း၊ ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား လူသားတံတိုင်းအဖြစ် အသုံးချ၍လည်းကောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များအား အလစ်အငိုက် ချောင်းမြောင်းတိုက်ခိုက်ခြင်းများ လုပ်ဆောင်လာခဲ့သည်။ ၎င်းအပြင် ဒီဇင်ဘာလ ၂၄ ရက်တွင် လွိုင်ကော်မြို့၊ လေဆိပ်တွင် အရပ်ဘက်ခရီးသည်တင် လေယာဉ်အား ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခြင်း၊ အရပ်ဘက်ခရီးသည်တင်မော်တော်ယာဉ်များအား ပစ်ခတ်တိုက်ခိုက်ခြင်းစသော လူအစုလိုက်အပြုံလိုက် သေစေနိုင်သည့် စစ်ရေးမဟုတ်သည့် အရပ်ဘက်ပစ်မှတ်များအထိ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့ပြီး  ဇန်နဝါရီလ ၁၅ ရက်တွင် ကျရောက်သည့် နှစ် (၇၀) ပြည့် ကယားပြည်နယ်နေ့အခမ်းအနားမတိုင်မီ လွိုင်ကော်မြို့အား သိမ်းပိုက်၍ ကိုယ်တိုင်အစိုးရဖွဲ့ အုပ်ချုပ်နိုင်ရေး Social Media များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ခဲ့ကာ ဇန်နဝါရီလဆန်းပိုင်းမှစ၍ ဆင်ခြေဖုံးရပ်ကွက်များအတွင်း အကြမ်းဖက်မှု များ တိုးမြှင့်လုပ်ဆောင်လာခြင်းအပြင် ကျန်မြို့ကြီးများ၌လည်း အဝေးမှ ပစ်ခတ်နှောင့်ယှက်ခြင်းများ ပြုလုပ်လာခဲ့ပါသည်။

ထိုသို့ဆောင်ရွက်မှုကြောင့် အေးချမ်းစွာနေထိုင်လိုသော ဒေသခံပြည်သူအချို့နှင့် ဝန်ထမ်းများအနေဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာမှ လွတ်ကင်းရာသို့ ခေတ္တတိမ်းရှောင်ခဲ့ရပါသည်။ လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် ဇန်နဝါရီလ ၆ ရက်မှစ၍ လွိုင်ကော်မြို့နယ်အတွင်း အဓိကကျသည့် လုံခြုံရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်ခဲ့ရာ မိုင်းလုံရပ်ကွက်အတွင်း ပြည်သူလူထုအား လူသားတံတိုင်းအဖြစ် အသုံးချတိုက်ခိုက်လာသည့် အကြမ်းဖက်အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလ ၁၈ ရက်နောက်ပိုင်းမှစ၍ အကြမ်းဖက်အဖွဲ့များအနေဖြင့် သုံးမြောင်းဆုံ၊ ဘုရားဖြူ၊ နမ့်မယ်ခုံ၊ ဆင်မတောင်ရွာများသို့ အဆင့်ဆင့်ဆုတ်ခွာသွားခဲ့သည်။

၎င်းနောက်ပိုင်း ကယားပြည်နယ် အစိုးရအဖွဲ့၊ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ များနှင့် ဌာနဆိုင်ရာ အကြီးအကဲများမှ ခေတ္တတိုက်ပွဲရှောင် ဒေသခံပြည်သူများကို နယ်မြေလုံခြုံရေးအပြည့်အဝ ဆောင်ရွက်ထားပြီးဖြစ်၍ နေရပ်ပြန်လာကြရန် နီးစပ်ရာဆွေမျိုးများမှတစ်ဆင့် ဖိတ်ခေါ်ခဲ့သဖြင့် တိုက်ပွဲတိမ်းရှောင်ပြည်သူများ ဇန်နဝါရီလ ၂၂ ရက်မှ စတင်၍ လွိုင်ကော်မြို့အတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ရာ ဖေဖော်ဝါရီလ ၂၄ ရက်အထိ ခေတ္တနေရပ်စွန့်ခွာသူ ၂၄,၈၂၇ ဦးမှာ မိမိတို့နေရပ်အသီးသီး၌ ပြန်လည်ရောက်ရှိပြီး ဖြစ်ပါသည်။

 ဆုတ်ခွာသွားသည့် အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နမ့်မယ်ခုံဒေသအား အခြေပြု၍ လွိုင်ကော်မြို့ ပတ်ဝန်းကျင်တစ်ဝိုက်အား အဝေးမှပစ်ခတ်နှောင့်ယှက် ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း တည်ငြိမ်အေးချမ်းမှုကို လိုလားသောဒေသခံတို့၏ သတင်းပေးမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေး၊ နယ်မြေစိုးမိုးရေးအသွင်ဖြင့်  မိုးဗြဲ၊ ဝါရီဆူပလိုင်း၊ ဝီသဲခူ (တောင်)၊ ဝီသဲခူ(မြောက်)၊ ဘုရားဖြူ၊ ဘုရားနီမှတစ်ဆင့် စစ်ကြောင်းများခွဲ၍ ဝင်ရောက်ကာ လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူအချို့ရယူ၍ နယ်မြေလုံခြုံရေးနှင့် စိုးမိုးရေးဆောင်ရွက်ခဲ့ရာ ဖေဖော် ဝါရီလ ၂၄ ရက် ညနေပိုင်းတွင် ၎င်းတို့အဓိက အခြေပြုနေရာဖြစ်သည့် နမ့်မယ်ခုံ၊ အိုကေကျေးရွာအပြင် အဓိကအခြေပြုသည့် ဆင်မတောင်၊ ဆင်ထီးတောင်နှင့် ဘုရားကုန်းတစ်ဝိုက်တို့ကိုပါ ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ပြီး ၎င်းတို့ခိုအောင်းနေထိုင်နိုင်မည့် ပတ်ဝန်းကျင်တစ်ဝိုက်အား ဆက်လက်ရှာဖွေဖော်ထုတ်လျက်ရှိပါသည်။

ဖြစ်စဉ်များတွင် ဖေဖော်ဝါရီ ၁၇ ရက်မှ ဖေဖော်ဝါရီ ၂၄ ရက်အထိ ထိတွေ့မှုဖြစ်စဉ် ၂၅ ကြိမ်ဖြစ်ပွားခဲ့ကာ KNPP အဖွဲ့နှင့် PDF အကြမ်းဖက်သောင်းကျန်းသူအလောင်းအချို့၊ လက်နက်ခဲယမ်းမျိုးစုံနှင့် ဆက်စပ်ပစ္စည်းမျိုးစုံတို့ကို သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်သား အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

KNPP နှင့် PDF အကြမ်းဖက်အဖွဲ့များအနေဖြင့် ကယားပြည်နယ်အတွင်း၌ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ခဲ့ရာတွင် စစ်ရေးနှင့်သက်ဆိုင်သော ပစ်မှတ်များမဟုတ်ဘဲ ဘာသာရေးနှင့် သက်ဆိုင်သည့် အဆောက်အဦ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အဦများနှင့် လူနေရပ်ကွက်အဆောက်အဦများကို အကာအကွယ်ရယူ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း၊ တိုက်ပွဲတွင် ဒေသခံပြည်သူများကို လူသားတံတိုင်းအဖြစ် အသုံးချခဲ့ခြင်းတို့ကိုလုပ်ဆောင်၍ ရည်ရွယ်ချက်ရှိစွာဖြင့် တိုက်ခိုက်ခြင်းဖြစ်သောကြောင့် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကို ကျူးလွန်ခဲ့ကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုထိခိုက်နစ်နာမှု မရှိစေရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

  • တိုက်ပွဲတိမ်းရှောင်ပြည်သူများ ဇန်နဝါရီလ ၂၂ ရက်မှစတင်၍ လွိုင်ကော်မြို့ အတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ရာ ဖေဖော်ဝါရီလ ၂၄ ရက်အထိ ခေတ္တနေရပ် စွန့်ခွာသူ ၂၄,၈၂၇ ဦးမှာ မိမိတို့နေရပ်အသီးသီး၌ ပြန်လည်ရောက်ရှိပြီးဖြစ်။
  • လုံခြုံရေးတပ်ဖွဲ့ဝင်များက နမ့်မယ်ခုံဒေသအားအခြေပြု၍ လွိုင်ကော်မြို့ ပတ်ဝန်းကျင်တစ်ဝိုက်အား အဝေးမှပစ်ခတ်နှောင့်ယှက် ခြိမ်းခြောက်မှုများ ပြုလုပ်နေသည့် KNPP အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့များ၏ အခြေပြုစခန်းများအား လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူအချို့ရယူ၍ ထိန်းချုပ် သိမ်းပိုက်နိုင်ခဲ့။
  • ဖြစ်စဉ်များတွင် ဖေဖော်ဝါရီ ၁၇ ရက်မှ ဖေဖော်ဝါရီ ၂၄ ရက်အထိ ထိတွေ့မှုဖြစ်စဉ် ၂၅ ကြိမ်ဖြစ်ပွားခဲ့ကာ KNPP အဖွဲ့နှင့် PDF အကြမ်းဖက်သောင်းကျန်းသူ အလောင်းအချို့၊ လက်နက်ခဲယမ်းမျိုးစုံနှင့် ဆက်စပ်ပစ္စည်းမျိုးစုံတို့ကို သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်သား အရာရှိ၊ စစ်သည်အချို့ ထိခိုက် ဒဏ်ရာရရှိခဲ့။

Add new comment