နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က တည်ခင်းဧည့်ခံသည့် ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက် ညပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမ ဥပစာရင်ပြင်၌ ကျင်းပသည်။

 နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း နှင့် ဇနီး ဒေါ်သန်းသန်းနွယ်တို့သည် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး သတ်မှတ်နေရာအသီးသီး၌ နေရာ ယူကာ စိန်ရတုပြည်ထောင်စုနေ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုအလံ၊ မြေပုံနှင့် အမည်စာလုံးဖော် Drone သရုပ်ပြလွှတ်တင်ခြင်း အစီအစဉ်ကို ကြည့်ရှုအားပေးကြပါသည်။

၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုယာဉ်များ ဆုချီးမြှင့်ခြင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ ဂုဏ်ပြုယာဉ် အထူးဆုရရှိကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များကလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးခင် မောင်ဆွေက ဂုဏ်ပြုယာဉ် တတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအတွက် ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဂုဏ်ပြုယာဉ် ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်အတွက် ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုဆုငွေများကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ဂုဏ်ပြုယာဉ်ပထမဆုရရှိသည့် မကွေးတိုင်းဒေသကြီးအတွက် ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုဆုငွေများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က လက်ခံရယူ ခဲ့ကြပြီး ဆုချီးမြှင့်ပွဲအပြီးတွင် ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် မီးရှူးမီးပန်းများ ပစ်ဖောက်ဂုဏ်ပြုကြပါသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည်  ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသူများနှင့်အတူ ညစာကို အတူတကွသုံးဆောင်ကြရာ ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း မြန်မာ့အသံ ခေတ်ပေါ် တေးဂီတအဖွဲ့မှ တေးသံရှင်များက တေးသံသာများဖြင့် သီဆိုတီးမှုတ် ဖျော်ဖြေတင်ဆက်ကြပါသည်။

 ဂုဏ်ပြုညစာစားပွဲအပြီးတွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ညစာစားပွဲသို့ တတ်ရောက်လာကြသည့် ဧည့်သည်တော်များနှင့်အတူ မြို့တော်ခန်းမ လေဟာပြင်ဇာတ်ရုံ၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ယဉ်ကျေးမှုအကအဖွဲ့များ၏ တိုင်းရင်းသားရိုးရာအက ပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြပါသည်။

ဂုဏ်ပြုညစာစားပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ တပ်မတော်မှ အငြိမ်းစား ဗိုလ်ချုပ်ကြီးများနှင့် ဒုတိယဗိုလ်ချုပ်ကြီးများ၊   ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊  ပြည်ထောင်စုဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊  မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများနှင့် ၄င်းတို့၏ဇနီးများ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိ ရပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က တည်ခင်း ဧည့်ခံသည့် ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက် ညပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမ ဥပစာရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့။

Add new comment