မြန်မာနိုင်ငံတော်ကြီးထာဝရငြိမ်းချမ်းရေးအတွက် ဘာသာရေးအသင်းအဖွဲ့များမှ မေတ္တာရပ်ခံပန်ကြားခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ကြေညာချက်အမှတ်(၁/၂၀၂၂)ဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ခြင်းနှင့် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ ဖိတ်ကြားခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးအဖွဲ့ချူပ်၊ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီတို့မှ သဘောထားများ ထုတ်ပြန်ခဲ့ ပါသည်။

  • အဆိုပါကြေညာချက်သည် မြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန်နှင့် ဆွေးနွေးရာတွင် ဆွေးနွေးမည့်အကြောင်းအရာနှင့်ပတ်သက်၍ ကန့်သတ်ချက်မထားဘဲ လွတ်လွတ်လပ်လပ်နှီးနှောဖလှယ်နိုင်ရန် ရည်ရွယ်ထားပြီး မြန်မာနိုင်ငံတော်ကြီး အမြန်ငြိမ်းချမ်းလျက် ထာဝရငြိမ်းချမ်းရေး ပန်းတိုင်ဆီသို့ စတင်လျှောက်လှမ်းနိုင်မည့် ခြေလှမ်းသစ်ဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်အနေဖြင့် ယုံကြည်မျှော်လင့်မိကြောင်းနှင့် တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးအနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် ရှေးရှုဆွေးနွေးနိုင်ရေး ဆွေးနွေးပွဲနှင့် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်နိုင်ကြပါရန်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်သာယာစည်ပင်စေရေး အတူလက်တွဲဝိုင်းဝန်းပူး ပေါင်းကူညီဆောင်ရွက်ပေးနိုင်ကြပါရန် တစ်နိုင်ငံလုံးရှိ ဟိန္ဒူဘာသာဝင်များကိုယ်စား တိုက်တွန်းနှိုးဆော်မေတ္တာရပ်ခံအပ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးအဖွဲ့ချုပ် က သဘောထားထုတ်ပြန်ခဲ့။
  • ထာဝရငြိမ်းချမ်းရေးအတွက် အားထုတ်ကြိုးပမ်းခြင်းကိစ္စများတွင် သက်ဆိုင်သူခေါင်းဆောင်များအားလုံး ပါဝင်လုပ်ဆောင်ကြပါရန် ဘုရားသခင်၏ မေတ္တာအားဖြင့် အနူးအညွတ်ပန်ကြားအပ်ကြောင်းနှင့် ငြိမ်းချမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏ အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်၏ သားတော် များဟု ခေါ်ဝေါ်ခြင်းကို ခံရကြလတ္တံ့ဟု မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီက မေတ္တာရပ်ခံပန်ကြားခဲ့။

အဆိုပါကြေညာချက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးတို့သည် မိမိတို့နိုင်ငံ၏ ပြည်တွင်းရေးဖြစ်သည့် နိုင်ငံရေးပြဿနာများကို ဒီမိုကရေစီကျင့်စဉ်များနှင့်အညီ ဖြေရှင်းနိုင်ရေးအတွက် ထာဝရငြိမ်းချမ်းရေးကိုရှေးရှု၍ ဆွေးနွေးနိုင်ရန်ဖိတ်ခေါ်ခြင်းနှင့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့နှင့် ကြုံကြိုက် သည့်အခါသမယတွင် စည်ကားသိုက်မြိုက်စွာကျင်းပမည့် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ အချိန်မီတက်ရောက်ကြပါရန် ဖိတ်ခေါ်ထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထာဝရငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ခြင်းနှင့် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ ဖိတ်ကြားခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးအဖွဲ့ချူပ်၊ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီတို့မှ  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်သာယာစည်ပင်စေရေးအတွက် တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးနှင့် သက်ဆိုင်သူခေါင်းဆောင်များအားလုံး အတူလက်တွဲဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးနိုင်ကြပါရန် မေတ္တာရပ်ခံပန်ကြားချက်များ ထုတ်ပြန်ခဲ့။

Add new comment