(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ဂုဏ်ပြုအခမ်းအနား၌ အလေးပြုခြင်းခံယူ မည့် ပြည်ထောင်စုအလံတော်အား ရန်ကုန်မြို့မှ နေပြည်တော်သို့သယ်ဆောင်

၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား၌ အလေးပြုခြင်းခံယူမည့် ပြည်ထောင်စုအလံတော်အား ရန်ကုန်မြို့မှ နေပြည်တော်သို့ သယ်ဆောင်ခြင်းအခမ်းအနားကို   ဖေဖော်ဝါရီလ ၈ ရက် နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပခဲ့ပါသည်။

ရန်ကုန်မြို့တော်ခန်းမ ဧည့်ခန်းမရှိ ငွေဖလားတွင် စိုက်ထူထားသော ပြည်ထောင်စုအလံတော်အား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်က တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပါဝင်သည့် အလံစောင့်အဖွဲ့နှင့် တိုင်းရင်းသား၊ တိုင်းရင်းသူများခြံရံသယ်ဆောင်၍ မြို့တော်ခန်းမ အလေးပြုခံစင်မြင့် ငွေဖလား၌ စိုက်ထူပြီးနောက် တာဝန်ရှိသူများက ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ပြည်ထောင်စုအလံတော်အား အလေးပြုခဲ့ကြပါသည်။

ပြည်ထောင်စုအလံတော်ကို တာဝန်ရှိသူများက ဝန်ထမ်းများခြံရံလျက် အဆင့်ဆင့် လက်ဆင့်ကမ်း လွှဲပြောင်းသယ်ဆောင်ပြီး ပြည်ထောင်စုလှေပေါ်ရှိ ငွေဖလားတွင်စိုက်ထူကာ အလံစောင့်အဖွဲ့နှင့် တိုင်းရင်းသား၊ တိုင်းရင်းသူများခြံရံ၍  ပြည်ထောင်စုလှေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆက်လက်သယ်ဆောင်ခဲ့ ပြီးနောက် ပြည်ထောင်စုနေ့ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဆောင်သည့် ပြည်ထောင်စုအလံတော် သယ်ယူရေးအဖွဲ့သည် တပ်မတော်အထူးလေယာဉ်ဖြင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သယ်ဆောင်ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုအလံတော်အား တာဝန်ရှိသူများက ဝန်ထမ်းများခြံရံပြီး အဆင့်ဆင့်လက်ဆင့်ကမ်း လွှဲပြောင်းသယ်ဆောင်၍ နေပြည်တော်အပြည် ပြည်ဆိုင်ရာလေဆိပ်မှ နေပြည်တော်မြို့တော်ခန်းမသို့ လွှဲပြောင်းသယ်ဆောင်ခဲ့ကြပါသည်။

ထို့နောက် နေပြည်တော်မြို့တော်ခန်းမရှေ့၌ နေပြည်တော်မြို့တော်ဝန်ထံ ပြည်ထောင်စုအလံတော်ကို လွှဲပြောင်းပေးအပ်ခဲ့ရာ မြို့တော်ဝန်က တပ်မတော် (ကြည်း၊ ရေ၊ လေ)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပါဝင်သည့် အလံစောင့်အဖွဲ့နှင့် တိုင်းရင်းသား၊ တိုင်းရင်းသူများခြံရံ၍ ပြည်ထောင်စုအလံတော်ရပ်နားမည့် နေပြည်တော် မြို့တော် ခန်းမရှိ ငွေဖလား၌ ပြည်ထောင်စုအလံတော်ကို စိုက်ထူခဲ့ပြီး တာဝန်ရှိသူများက  ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ    ပြည်ထောင်စုအလံတော်အား အလေးပြုခဲ့ကြပါသည်။

ပြည်ထောင်စုအလံတော်အား ရန်ကုန်မြို့တော်ခန်းမမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင့်ဆင့်သယ်ဆောင်ရာ လမ်းတစ်လျှောက်နှင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နေပြည်တော်မြို့တော်ခန်းမသို့ သယ်ဆောင်ရာလမ်းတစ်လျှောက်၌ တိုင်းရင်းသားပြည်သူများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများက အလံငယ်များဝှေ့ယမ်း၍   ပြည်ထောင်စုအလံတော်အား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြပါသည်။

  • ၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား၌ အလေးပြုခြင်းခံယူမည့် ပြည်ထောင်စုအလံတော်အား ရန်ကုန်မြို့တော်ခန်းမမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ထိုမှတစ်ဆင့် တပ်မတော်လေယာဉ်ဖြင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ထိုမှတစ်ဆင့် နေပြည်တော် မြို့တော်ခန်းမသို့ အဆင့်ဆင့်လက်ဆင့်ကမ်းသယ်ဆောင်သည့် အခမ်းအနားကျင်းပခဲ့။
  • ပြည်ထောင်စုအလံတော်သယ်ဆောင်ရာ လမ်းတစ်လျှောက်၌ တိုင်းရင်းသားပြည်သူများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများက အလံငယ်များဝှေ့ယမ်း၍   ပြည်ထောင်စုအလံတော်အား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြ။

Add new comment