(၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ်နေ့ အခမ်းအနား ကျင်းပ

(၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ်နေ့ အခမ်းအနားကို ဖေဖော်ဝါရီလ ၇ ရက် တွင် တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်း၌ ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဂုဏ်ပြုဆုရသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။  

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၇၅) နှစ်မြောက်စိန်ရတု ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်က ဖတ်ကြားပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်နေ့ မိန့်ခွန်းပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ထူးချွန်ဆု၊ စိုက်ပျိုးရေးထူးချွန်ဆု၊ မွေးမြူရေးဆိုင်ရာ ထူးချွန်ဆု၊ ကျန်းမာရေးဆိုင်ရာ ထူးချွန်ဆု၊ လူမှုရေးဆိုင်ရာ ထူးချွန်ဆု၊ သုတေသနဆိုင်ရာ ထူးချွန်ဆုရရှိသူများကို ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဆုပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာအစုံ ၁၅ဝ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ထို့ပြင် ကလောမြို့နယ် ဟဲဟိုးအင်းခေါင်းတွင် (၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် ရှမ်းပြည်နယ် ဟင်းသီးဟင်းရွက်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများက တောင်သူအဖွဲ့အစည်းများကို ထောက်ပံ့မြေသြဇာအိတ်များပေးအပ်ခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေးဦးစီးဌာနမှ ပြသထားသော ပြခန်းများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း  သိရှိရ ပါသည်။

  • (၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ်နေ့ အခမ်းအနားကို ဖေဖော်ဝါရီလ ၇ ရက် တွင် တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်း၌ ကျင်းပခဲ့။
  • အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ထံမှ (၇၅) နှစ်မြောက်စိန်ရတု ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားခဲ့။
  • အခမ်းအနားတွင် ကဏ္ဍအသီးသီး၌ ထူးချွန်ဆုရရှိသူများကို ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဆုပစ္စည်းများပေးအပ်ချီးမြှင့်ခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာ အစုံ ၁၅ဝ ပေးအပ်လှူဒါန်းခဲ့။
  • ကလောမြို့နယ် ဟဲဟိုးအင်းခေါင်းတွင် (၇၅)နှစ်မြောက် စိန်ရတုရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် ရှမ်းပြည်နယ် ဟင်းသီးဟင်းရွက်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ပြီး  တောင်သူအဖွဲ့အစည်းများကို ထောက်ပံ့မြေသြဇာအိတ်များပေးအပ်ခဲ့။

Add new comment