ဖေဖော်ဝါရီလ ၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ ဝင်းမနားကျေးရွာရှိ နယ်မြေခံရဲစခန်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား NLD ပါတီထောက်ခံသူ အစွန်းရောက်အကြမ်းဖက်သမားများနှင့် PDF အကြမ်းဖက်အဖွဲ့များပါဝင်သော အင်အား ၁၅၀ ဦးခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ ထိခိုက်ဒဏ်ရာရရှိ၍ ရေဦးမြို့နယ်၊ တောင်ပြင်ငယ်ကျေးရွာသို့ ဖရိုဖရဲဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။
အကြမ်းဖက်သမားများသည် အဆိုပါကျေးရွာ စာသင်ကျောင်းအတွင်း ဝင်ရောက်စခန်းချနေထိုင်၍ ဒေသခံပြည်သူလူထုနှင့် ခရီးသွားများထံမှ အဓမ္မဆက်ကြေးတောင်းခံခြင်းများနှင့် အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၇ ရက် တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းရှာဖွေတိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့ရာ ၎င်းတို့ဘက်မှ ဖရိုဖရဲဆုတ်ခွာခဲ့သဖြင့် ၎င်းတို့အသုံးပြုခဲ့သည့် Skat အမျိုးအစား မော်တော်ယာဉ် ၁ စီးနှင့်အတူ ဖောက်ခွဲရေးပစ္စည်းတို့အပါအဝင် အခြားဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပါသည်။
အကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သည့် ပညာရေးဆိုင်ရာအဆောက်အဦများနှင့် လူနေအိမ်များကို အကာအကွယ်ရယူ ပစ်ခတ်တိုက်ခိုက်ခြင်းများ၊ စစ်ဘက်ပစ်မှတ်မဟုတ်သည့် စာသင်ကျောင်းအား ရည်ရွယ်ချက်ရှိစွာဖြင့် စခန်းချနေထိုင်ခြင်းများသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည် ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှုကျူးလွန်ရာရောက်ပြီး အဆိုပါရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
- ရေဦးမြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်းများဆောင်ရွက်ရန်အတွက် တောင်ပြင်ငယ်ကျေးရွာ စာသင်ကျောင်းအတွင်း ရောက်ရှိနေသည့် PDF အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့များက သွားရောက်ချေမှုန်း တိုက်ခိုက်ခဲ့ရာ ၎င်းတို့အသုံးပြုခဲ့သည့် Skat အမျိုးအစား မော်တော်ယာဉ် ၁ စီးနှင့်အတူ ဖောက်ခွဲရေးပစ္စည်းတို့အပါအဝင် အခြားဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့။
Add new comment