ဆောမြို့နယ်ရှိ လုံခြုံရေးရဲတပ်ဖွဲ့စခန်းများအား PDF အကြမ်းဖက်သမားများက ဝင်ရောက် တိုက်ခိုက်၊ စစ်ရေးပစ်မှတ်မဟုတ်သည့် ရုံးဌာနအဆောက်အဦ ၈ လုံးနှင့် လူနေအိမ် ၂ လုံးအား အကြောင်းမဲ့မီးရှို့ဖျက်ဆီး

NUG၊ CRPHနှင့် ၎င်းတို့၏ လက်အောက်ခံ PDF အကြမ်းဖက်အဖွဲ့များသည် ပြည်သူလူထုအပေါ် အကြောက်တရားဖြင့် လွှမ်းမိုးလျက်ရှိပြီး နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရေးအတွက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ စစ်ရေး ပစ်မှတ်မဟုတ်သည့် ဘာသာရေးဆိုင်ရာအဆောက်အဦများ၊ ရုံးဌာနအဆောက်အဦများ၊  လူနေအိမ်များ၊ ဆေးရုံ၊ ဆေးခန်းများနှင့် စာသင်ကျောင်းများအား လက်လုပ်မိုင်း/ဗုံးများ အသုံးပြုကာ ဖောက်ခွဲတိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိပါသည်။

ဖေဖော်ဝါရီလ ၄ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ဆောမြို့၊ ဇေယျာရပ်ကွက်ရှိ ဆောမြို့မရဲစခန်းအားလည်းကောင်း၊ ဆောမြို့နယ်နှင့် ၁၂ မိုင်ခန့်အကွာ လောင်းရှည်ကျေးရွာရှိ လောင်းရှည်နယ်မြေရဲစခန်းအားလည်းကောင်း၊ PDF အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ အကြမ်းဖက်အဖွဲ့များ ထွက်ပြေးဆုတ်ခွာသွားခဲ့ပါသည်။

ဆုတ်ခွာထွက်ပြေးသွားခဲ့သည့် PDF အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်လံချေမှုန်းတိုက်ခိုက်မှု မပြုလုပ်နိုင်စေရန်အတွက် ၎င်းတို့ဆုတ်ခွာ ထွက်ပြေးရာ ဇေယျာရပ်ကွက်အတွင်းရှိ မြို့နယ်စည်ပင်သာယာရေးကော်မတီရုံး၊ သစ်ထုတ်လုပ်ရေးစခန်းရုံး၊ မြေစာရင်းဦးစီးဌာနရုံး၊ စာရင်းစစ်ဦးစီးဌာနရုံး၊ ကျေးလက် ဖွံ့ဖြိုးရေးဦးစီးဌာနရုံး၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဦးစီးဌာနရုံး၊ မီးသတ်ဦးစီးဌာနရုံးနှင့် မီးသတ်ယာဉ်များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၊ စုစုပေါင်းရုံးဌာန ၈ ခု အပြင် လူနေအိမ် ၂ လုံးတို့အား မီးရှို့ဖျက်ဆီးသွားခဲ့ပါသည်။

PDF အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်းများအပြင် အစိုးရရုံးအဆောက်အဦများနှင့် အများပြည်သူနေအိမ်များအား တဖက်သတ်အစွန်းရောက်ဝါဒစွဲအပေါ် အခြေခံကာ အသိဉာဏ်နည်းပါးစွာ မီးရှို့ဖျက်ဆီးခြင်းများ၊ အသက်အန္တရာယ် ထိခိုက်သေကြေနိုင်သည်အထိ အကြောင်းမဲ့ နှောင့်ယှက်ပစ်ခတ်မှုများနှင့် မိုင်းဖောက်ခွဲခြင်းများ ကျူးလွန်လျက်ရှိပါသည်။ ၎င်းတို့လုပ်ရပ်များအား ပြည်သူများက ပြစ်တင်ရှုတ်ချလျက်ရှိသည့်အပြင် နိုင်ငံတကာအနေဖြင့်လည်း အကြမ်းဖက်လုပ်ရပ်များအား ဝိုင်းဝန်းဆန့်ကျင်ကြရန် လိုလားလျက်ရှိပါသည်။

 ထိုကဲ့သို့ မီးရှို့ဖျက်ဆီးခဲ့သည့် PDF အကြမ်းဖက်သမားများအား ဖော်ထုတ်အရေးယူနိုင်ရေးနှင့် နယ်မြေလုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

  • ဆောမြို့၊ ဇေယျာရပ်ကွက်ရှိ ဆောမြို့မရဲစခန်းနှင့် လောင်းရှည်နယ်မြေရဲစခန်း တို့အား PDF အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့။
  • PDF အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်လံချေမှုန်း တိုက်ခိုက်မှု မပြုလုပ်နိုင်စေရန်အတွက် ၎င်းတို့ဆုတ်ခွာထွက်ပြေးရာ ဇေယျာရပ်ကွက်အတွင်းရှိ စုစုပေါင်းရုံးဌာန ၈ ခုအပြင် လူနေအိမ် ၂ လုံးတို့အား မီးရှို့ ဖျက်ဆီးသွားခဲ့။

Add new comment