မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေယာဉ်ဖြင့်ထွက်ခွာလိုက်ပါမည့် ခရီးသည်အမျိုးသမီးတစ်ဦးထံမှ အကြမ်းဖက်ဖောက်ခွဲရေးပြုလုပ်ရာတွင် အသုံးပြုမည့် ဒီတိုနေတာ ၉၈ ခုဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပါဝင်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ထံမှ ဒီတိုနေတာ ၁,၀၀၀ ခု ထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၀ ရက်တွင် မန္တလေးပြည်ပြည်ဆိုင်ရာလေဆိပ်၊ အမှတ်(၁) ထွက်ခွာ X-Ray စက်၌ တာဝန်ကျတပ်ဖွဲ့ဝင်များက ခရီးသည်များအား ရှာဖွေစစ်ဆေးခဲ့ရာ မန္တလေးမြို့မှ ခန္တီးမြို့သို့လိုက်ပါမည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာနေ မမိုးမြင့်လှိုင် (၂၀နှစ်)၏ ဂျပ်ဖာဘူးအတွင်းမှ ဖလူဇာဆေးကဒ်များဖြင့် ရောနှောသယ် ဆောင်လာသည့်(SOD-Special Ordinary Detonator)တံဆိပ်ပါဘူးအတွင်းမှ အကြမ်းဖက်ဖောက်ခွဲရေးပြုလုပ်ရာတွင်အသုံးပြုမည့် ဒီတိုနေတာ ၉၈ ခုအား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။ မမိုးမြင့်လှိုင်၏ထွက်ဆိုချက်အရ အဆိုပါဒီတိုနီတာများအား သယ်ဆောင်ခိုင်းခဲ့သည့် မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်နေ မအေးအေးချစ်(၃၉ နှစ်)နှင့် သယ်ဆောင်လာသည့် ဒီတိုနေတာများအား လွှဲပြောင်းလက်ခံပေးမည့် ဆင်သေကျေးရွာနေ မမိုးမြင့်လှိုင်၏ မိခင်ဖြစ်သူ ဒေါ်တင်သိန်း (၆၃) နှစ်တို့အား ၎င်းတို့၏နေအိမ်တွင် ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။
ထပ်မံဖမ်းဆီးရမိသူ မအေးအေးချစ်၏ ထွက်ဆိုချက်အရ ၎င်း၏နေအိမ်သို့ ဒီတိုနေတာများ ထပ်မံလာရောက်ပို့ဆောင်သူ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံ အရှေ့ရပ်ကွက်၊ အမြောက်တန်းဗလီဝင်းနေ ဦးသိန်းထွန်း(၄၇)နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ခင်ဖြူဝင်း(ခ)ဇိုင်တွန်ဘီ(၄၂)နှစ်တို့အား ဒီတိုနေတာကတ်သီးတစ်ဘူးလျှင် ၁၀၀ ခုစီပါ ၁၀ ဘူး၊ စုစုပေါင်း ၁,၀၀၀ ခုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။
NUG အဖွဲ့၏စေခိုင်းချက်အရ အကြမ်းဖက်သမားများသည် နယ်စပ်ဒေသများ၊ EAO ၏နယ်မြေများမှတစ်ဆင့် မြို့/ရွာများသို့ တရားမဝင် လက်နက်၊ ခဲယမ်းနှင့် အကြမ်းဖက်ဖောက်ခွဲရေးပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိရာ သက်ဆိုင်ရာ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက စုံးစမ်းဖော်ထုတ်ဖမ်းဆီးလျက်ရှိပါသည်။
အထက်ပါ အကြမ်းဖက်ဖောက်ခွဲရေးပြုလုပ်ရာတွင် အသုံးပြုမည့် ဒီတိုနေတာများ သယ်ယူပို့ဆောင်ခဲ့သည့် ဖမ်းဆီးရမိသူတရားခံများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
- မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်အမျိုးသမီးတစ်ဦးထံမှ အကြမ်းဖက်ဖောက်ခွဲရေးပြုလုပ်ရာတွင် အသုံးပြု မည့် ဒီတိုနေတာ ၉၈ ခုဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပါဝင်သူ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့ထံမှ ဒီတိုနေတာ ၁,၀၀၀ ခု ထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့။