ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

  ဒီဇင်ဘာလ ၂၁ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့်အတူ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက-

· ယခုအချိန်အထိ နိုင်ငံတကာအတွေ့အကြုံနှင့် အချက် အလက်များမှတစ်ဆင့်ရရှိသော အချက်အလက်၊ ကိန်း  ဂဏန်းများအရ Omicron မျိုးစိတ်သည် ရောဂါပြန့်ပွားမှု မြန်သော်လည်း ရောဂါပြင်းထန်မှုမရှိကြောင်း၊ အောက်ဆီဂျင်လိုအပ်မှုနည်းသည်ဟု သိရှိရကြောင်း။

· အဓိကအားဖြင့် တတိယလှိုင်းတွင် ကြုံတွေ့ခဲ့ရသည့်အခက်အခဲများကို သင်ခန်းစာယူ၍ အလေးထားကြိုတင်ပြင်ဆင်ထားရန်လိုအပ်ကြောင်း။

· ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအား ဆောင်ရွက်လျက်ရှိသည့် Quarantine Procedure များအား စည်းကမ်းချက်များကို တိကျစွာလိုက်နာစေရန် ဆွေးနွေးခဲ့။

  ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းတွင် ပုဂ္ဂလိကဆေးရုံများ၊ ဓာတ်ခွဲခန်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးက-

· ပုဂ္ဂလိကကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ရာတွင် Vaccine Management Information System ၌ စနစ်တကျ စာရင်းသွင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း။

· ပုဂ္ဂလိကဆေးရုံ/ဆေးခန်းများနှင့် ဓါတ်ခွဲခန်းများတွင် ကိုဗစ်-၁၉ ရောဂါ ဓါတ်ခွဲစမ်းသပ်စစ်ဆေးရာ၌ ပြည်သူလူထုအနေဖြင့် ကုန်ကျစရိတ်များပြားနေသည့်အတွက်ကြောင့်  သင့်လျော်သည့်ဈေးနှုန်းများဖြင့် ဆောင်ရွက်ပေးစေလိုကြောင်း။

· ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း လုပ်ကိုင်သူ များအနေဖြင့် လုပ်ငန်းလိုင်စင်များ အသစ်လျှောက်ထားခြင်းနှင့် သက်တမ်းတိုးရာတွင်လည်း တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

  အစည်းအဝေးတက်ရောက်လာကြသည့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများမှ တာဝန်ရှိသူများက လက်ရှိကြုံတွေ့ ရသည့်အခက်အခဲများ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ပြင်ဆင်မှုများအကြောင်း တင်ပြဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့မှ လိုအပ်သောလမ်းညွှန်မှုများ၊ ပေါင်းစပ်ပေးမှုများ ပြုလုပ်ပေးခဲ့ပါသည်။

  • တတိယလှိုင်းတွင် ကြုံတွေ့ခဲ့ရသည့်အခက်အခဲများကို သင်ခန်းစာယူ၍ အလေးထားကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း။
  •  ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအား ဆောင်ရွက်လျက်ရှိသည့် Quarantine Procedure များအား စည်းကမ်း ချက်များကို တိကျစွာလိုက်နာစေရန်။
  • ပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများနှင့် ဓါတ်ခွဲခန်းများတွင် ကိုဗစ်-၁၉ ရောဂါ ဓါတ်ခွဲစမ်းသပ်စစ်ဆေးရာ၌ ပြည်သူလူထု အနေဖြင့် ကုန်ကျစရိတ်များပြားနေသည့်အတွက်ကြောင့် သင့်လျော်သည့်ဈေးနှုန်းများဖြင့် ဆောင်ရွက်ပေးစေလို ကြောင်း။