လူနာတင်ဆောင်လာသည့် လူနာတင်ယာဉ်အား PDF အကြမ်းဖက်သမားများက သေနတ် ဖြင့်ပစ်ခတ်ခဲ့ပြီး လူနာတင်ယာဉ်အား မီးရှို့

ဇန်နဝါရီလ ၃၁ ရက်တွင် မြစ်ကြီးနားမြို့၊ ရင်စိန်ဆေးရုံ၌ သွေးကြောပိတ်ရောဂါဖြင့် ဆေးကုသမှုခံယူလျက်ရှိသည့် ဝိုင်းမော်မြို့နယ်၊ ခတ်ချိုရွာနေ ဦးဒီလေး၏ ကျန်းမာရေးအခြေအနေအရ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသရန် သူနာပြုဆရာမ မသင်းနုအေးနှင့်အတူ မြစ်ကြီးနားမြို့ရှိ “ဧရာဝတီဂရုဏာ” လူမှုရှာဖွေ ကယ်ဆယ်ရေးအသင်းပိုင် အဖြူရောင်ယာဉ်ဖြင့် မြစ်ကြီးနားမြို့၊ အေးစေတီရပ်ကွက်နေ ကိုဆန်းနိုင်မောင်းနှင်ပြီး  အကူယာဉ်မောင်းဖြစ်သူ ကိုအောင်ဖြိုးဦးတို့နှင့်အတူ ထွက်ခွာလာခဲ့ပါသည်။  

ဖေဖော်ဝါရီလ ၁ ရက်တွင် ထီးချိုင့်မြို့နယ်၊ ဇီးဖြူကျင်းကျေးရွာနှင့် ဘိုတဲကုန်း ကျေးရွာအကြားအရောက်၌ လက်နက်များကိုင်ဆောင်ထားသည့် PDF အကြမ်းဖက် သမားများက လူနာတင်ယာဉ်အားတားဆီးသဖြင့် ယာဉ်မောင်းကိုဆန်းနိုင်မှာ လူနာ အရေးကြီးနေသဖြင့် ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင်ခဲ့ရာ အကြမ်းဖက်သမား များက လူနာတင်ယာဉ်အား သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် ယာဉ်မောင်း ကိုဆန်းနိုင်တွင် နဖူးနှင့်ဝဲလက်ဖျံတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အကူယာဉ်မောင်းဖြစ်သူ ကိုအောင်ဖြိုးဦးတွင် ကျောကုန်းဝဲဘက် ကျည်ထိမှန် ဒဏ်ရာနှင့် ဝဲပါးကျည်ရှပ်ထိဒဏ်ရာတို့ရရှိခဲ့ပြီး လူနာတင် ယာဉ်၏ ရှေ့လေကာမှန်၊ ဝဲ/ယာလေကာမှန်တို့ကွဲအက်၍ ကားရှေ့ဘီး ၂ လုံးတို့ ထိခိုက်ပျက်စီးခဲ့ပါသည်။   

သေဆုံးဒဏ်ရာရရှိခဲ့သည့် ယာဉ်မောင်း၊ အကူယာဉ်မောင်းနှင့် ဆေးရုံလွှဲပြောင်း ကုသရမည့် ဦးဒီလေးတို့အား သူနာပြုဆရာမမှ လမ်းကြုံယာဉ်ဖြင့်တင်ဆောင်ကာ ထီးချိုင့်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။ ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဦးဒီလေးနှင့် သူနာပြုဆရာမတို့အား မန္တလေးမြို့ ပြည်သူ့ဆေးရုံ သို့ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး အကြမ်းဖက်သမားများ၏ ပစ်ခတ်ခဲ့မှုကြောင့် အခင်းဖြစ်နေရာတွင်ကျန်ရှိခဲ့သည့် လူနာတင်ယာဉ်အားသယ်ဆောင်ရန် သွားရောက်စစ်ဆေးခဲ့ရာ အခင်းဖြစ်နေရာနှင့်ကိုက် ၃၀၀ ခန့်အကွာလမ်းဘေး၌ အဆိုပါလူနာတင်ယာဉ်အား အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးထားသဖြင့် မီးလောင်ပျက်စီးနေသည်ကို တွေ့ရှိခဲ့ရပါသည်။

PDF အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်းများအပြင် မီးသတ်ယာဉ်များ၊ ပရဟိတယာဉ်များနှင့် အများပြည်သူတို့၏ ကျန်းမာရေးဆိုင်ရာအခက်အခဲများအား ကူညီစောင့်ရှောက်မှုပေးသည့် လူမှုကူညီရေးယာဉ်များနှင့် လူနာတင်ဆောင် လာသည့် လူနာတင်ယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ သေနတ်ဖြင့်ချောင်းမြောင်းပစ်ခတ်ခြင်းများသည်နိုင်ငံတကာမှ လက်မခံနိုင်သည့် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ပါသည်။ ၎င်းတို့လုပ်ရပ်များအား ပြည်သူများက ပြစ်တင်ရှုတ်ချလျက်ရှိသည့်အပြင် နိုင်ငံတကာအနေဖြင့်လည်း စစ်ရာဇဝတ်မှုကျူးလွန်သည့် PDF အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များအား ဝိုင်းဝန်းဆန့်ကျင်ကြရန်လိုလားလျက်ရှိကြောင်း သိရှိရပါသည်။                                                                         

Add new comment