နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ထမ်းဆောင်ခဲ့သည့် တစ်နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်၊ MRTV News Channel နှင့် MRTV DTH စနစ် ဖွင့်လှစ်ခြင်း

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ထမ်းဆောင်ခဲ့သည့် တစ်နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်၊ MRTV News Channel နှင့် MRTV DTH စနစ် ဖွင့်လှစ်ခြင်းအခမ်းအနားကို ဖေဖေါ်ဝါရီလ ၁ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနမှ ခေတ်အဆက်အဆက်အသုံးပြုခဲ့သည့် အဆောက်အဦပုံစံငယ်များနှင့် တာဝါပုံစံငယ်များ၊ ရုပ်သံရိုက်ကူးထုတ်လွှင့်ခြင်းဆိုင်ရာ စက်ပစ္စည်းများနှင့် မော်တော် ယာဉ်များ၊ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံများ၏ မှတ်တမ်းဓာတ်ပုံများ၊ (၇၅)နှစ် သက်တမ်းရှိ မြန်မာ့ဆိုင်းဝိုင်းကြီး၊ ခေတ်ပေါ်တီးဝိုင်းနှင့် တူရိယာပစ္စည်းများ၊ တိုင်းရင်းသားရိုးရာတူရိယာပစ္စည်းများ၊ ခေတ်အဆက်ဆက်အသုံးပြုခဲ့သည့် ဓာတ်ပြားစက်များနှင့် ဆက်စပ်ပစ္စည်းများ၊ မဟာဂီတနှင့်တေးဂီတဆိုင်ရာ စာအုပ် စာစောင်များအပါအဝင် ရုပ်မြင်သံကြား ထုတ်လွှင့်မှုနှင့်သက်ဆိုင်သည့် အခြားစက်ပစ္စည်း ကိရိယာပြခန်းများအား လှည့်လည် ကြည့်ရှုကြပြီး စိန်ရတုပြတိုက်ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည်  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV News Channel နှင့် MRTV DTH စနစ် ဖွင့်လှစ်ခြင်းအခမ်းအနားတွင်  အမှာစကားပြောကြားရာ၌-

  • မြန်မာ့အသံသည် လွတ်လပ်ရေးနှင့်အတူတည်ရှိလာသောဌာနတစ်ခုဖြစ်ပြီး တစ်နိုင်ငံလုံးကို အသိပညာနှင့်ဗဟုသုတဖြန့်ဖြူးပေးသော ဌာနကြီးဖြစ်ကြောင်း၊ ယခုအခါစိန်ရတုကာလကျော်လွန်လာပြီဖြစ်ကြောင်း၊ ယခင်နှစ်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ရောက်ရှိစဉ် စိန်ရတုပြတိုက်တည်ဆောက်ရေး စီစဉ် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုတစ်နှစ်ပြည့်မြောက်သည့်နေ့တွင် အဆောက်အဦကို ဖွင့်လှစ်နိုင်သဖြင့် ဂုဏ်ယူဝမ်းမြောက်ကြောင်း။
  • တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်ကို တရားမျှတသော၊ ငြိမ်းချမ်းသော၊ ဖွံ့ဖြိုးတိုးတက်သော တိုင်းပြည်တစ်ခုဖြစ်အောင် ဝိုင်းဝန်းထူထောင်ဆောင်ရွက်ပေးလျက်ရှိပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
  • ယခုကဲ့သို့အခြေအနေတွင် ပြည်ပ ပယောဂအနှောင့်အယှက်များကင်းရှင်းစေရန်နှင့် ပြည်တွင်းနိုင်ငံရေးဖြစ်စဉ်များကို တရားဥပဒေဘောင်အတွင်းက အေးချမ်းတည်ငြိမ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် လိုအပ်သကဲ့သို့ ဆူပူအုံကြွမှုများဖန်တီးပြီး အကြမ်းဖက်လမ်းစဉ်များဖြင့် တိုင်းဖျက်ပြည်ဖျက် လုပ်ဆောင်နေမှုများကို ပြည်သူအားလုံးက အမှန်ကိုအမှန်အတိုင်း၊ အရှိကို အရှိအတိုင်း နားလည်သဘောပေါက်ကြရန်နှင့် ဝိုင်းဝန်းဆန့်ကျင်ဟန့်တားပေးကြရန် လိုအပ်မည်ဖြစ်ကြောင်း။
  • မီဒီယာကဏ္ဍအနေဖြင့် ပြည်သူများအတွက် ဒီမိုကရေစီနှင့်ပတ်သက်သည့် အသိပညာ၊ အတွေးအခေါ်များရရှိစေရန်နှင့် လူငယ်လူရွယ်များအားလုံး ပညာရေးလမ်းကြောင်းပေါ်တွင် ကောင်းမွန်စွာရပ်တည်နိုင်ရန်၊ ခေတ်ပညာတတ်လူငယ်များ ဖြစ်အောင်ပံ့ပိုးပေးမှု၊ စေ့ဆော်တိုက်တွန်းပေးမှု၊ လမ်းညွှန်ပြသမှုတို့ဖြင့် လုပ်ဆောင်ပေးကြရမည်ဖြစ်ကြောင်း။
  • သတင်းတု၊ သတင်းမှားများ၊ အမုန်းစကားများ၊ ကောလာဟလများ ထုတ်လွှင့်ပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်စေရန်၊ ဆူပူအုံကြွစေရန် သွေးထိုးလှုံ့ဆော် ထုတ်လွှင့်မှုများ မပြုလုပ်ကြရန် ဝိုင်းဝန်းဆန့်ကျင်တားမြစ်ပေးကြရမည်ဖြစ်ပြီး မှန်ကန်သည့် သတင်းအချက်အလက်များကို ပြည်သူလူထုထံရောက်အောင် ထုတ်လွှင့် ဖော်ပြပေးနိုင်ရန်လိုအပ်ကြောင်း။
  • နိုင်ငံပိုင်မီဒီယာဖြစ်သည့် MRTV အနေဖြင့် ကျင့်ဝတ်သိက္ခာစောင့်ထိန်းပြီး နိုင်ငံနှင့် ပြည်သူအကျိုးအတွက် ဦးထိပ်ထားကာ စီစဉ်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးကို မီဒီယာနည်းလမ်းများဖြင့် အောင်မြင်အောင် ဖော်ဆောင်ပေးကြရန် တိုက်တွန်းကြောင်း။
  • ယနေ့စတင်ဖွင့်လှစ်မည့် MRTV News Channel သည် တချို့ကျင့်ဝတ် ဖောက်ဖျက်ပြီး နိုင်ငံကို အန္တရာယ်ရှိစေမယ့် သတင်းအတု၊ အယောင်၊ သတင်းမှားများ၊ ကောလာဟလများနှင့် တိုင်းပြည်တွင် မငြိမ်မသက်ဖြစ်စေရန်၊ ဆူပူအုံကြွစေရန် သွေးထိုးလှုံ့ဆော် လုပ်ကြံဖန်တီးလာမှုများအပေါ် သတင်းမှန်များ လျင်မြန်စွာ ထုတ်ပြန်ခြင်းဖြင့် ပြည်သူများ သတင်းမှန် သိရှိပိုင်ခွင့်အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း။
  • မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် နိုင်ငံတော်တည်ငြိမ်ရေး၊ အေးချမ်းသာယာရေး၊ ပြည်သူများ၏ လူမှုအကျိုးစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် မြန်မာနိုင်ငံ၏ မီဒီယာကဏ္ဍတွင် အဓိကထောက်တိုင်ကြီး တစ်ခုဖြစ်သကဲ့သို့ အနာဂတ်နိုင်ငံတော်ကြီးအေးချမ်းသာယာဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်ကို ဦးဆောင်မည့် မျိုးဆက်သစ်လူငယ်များကို မှန်ကန်သည့် အသိအမြင်၊ အတွေးအခေါ် ရရှိ စေရန်ပြုစုပျိုးထောင်ပေးနိုင်ရေးအတွက် ပဓာနကျသည့် မီဒီယာကြီးလည်းဖြစ်ကြောင်း။
  • တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါရန်နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့်လည်း နိုင်ငံအကျိုး၊ နိုင်ငံသားများ အကျိုးကို စိတ်ကောင်းစေတနာအပြည့်၊ ဇွဲလုံ့လအပြည့်ဖြင့် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်မှုဖြင့် ပိုမိုသယ်ပိုးစွမ်းဆောင်နိုင်ပါစေကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ထမ်းဆောင်ခဲ့သည့် တစ်နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်ဂုဏ်ပြုအစီအစဉ်အဖြစ် MRTV News Channel နှင့် MRTV DTH စနစ်တို့ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အနုပညာရှင်များနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝန်ထမ်းများအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။

  • မြန်မာ့အသံသည် လွတ်လပ်ရေးနှင့်အတူ တည်ရှိလာသောဌာနတစ်ခုဖြစ်ပြီး တစ်နိုင်ငံလုံးကို အသိပညာနှင့် ဗဟုသုတဖြန့်ဖြူးပေးသော ဌာနကြီးဖြစ်။
  • တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်ကို တရားမျှတသော၊ ငြိမ်းချမ်းသော၊ ဖွံ့ဖြိုးတိုးတက်သော တိုင်းပြည်တစ်ခုဖြစ်အောင် ဝိုင်းဝန်းထူထောင်ဆောင်ရွက်ပေးလျက်ရှိပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ။
  • မီဒီယာကဏ္ဍအနေဖြင့် ပြည်သူများအတွက် ဒီမိုကရေစီနှင့်ပတ်သက်သည့် အသိပညာ၊ အတွေးအခေါ်များရရှိစေရန်နှင့် လူငယ်လူရွယ်များအားလုံး ပညာရေးလမ်းကြောင်းပေါ်တွင် ကောင်းမွန်စွာရပ်တည်နိုင်ရန်၊ ခေတ်ပညာတတ်လူငယ်များ ဖြစ်အောင်ပံ့ပိုးပေးမှု၊ စေ့ဆော်တိုက်တွန်းပေးမှု၊ လမ်းညွှန်ပြသမှု တို့ဖြင့် လုပ်ဆောင်ပေးကြရမည်ဖြစ်။
  • မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် နိုင်ငံတော်တည်ငြိမ်ရေး၊ အေးချမ်းသာယာရေး၊ ပြည်သူများ၏ လူမှုအကျိုးစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ၏ မီဒီယာကဏ္ဍတွင် အဓိကထောက်တိုင်ကြီးတစ်ခုဖြစ်သကဲ့သို့ အနာဂတ်နိုင်ငံတော်ကြီး အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ် ကို ဦးဆောင်မည့် မျိုးဆက်သစ်လူငယ်များကို မှန်ကန်သည့် အသိအမြင်၊ အတွေးအခေါ်ရရှိစေရန် ပြုစုပျိုးထောင်ပေးနိုင်ရေးအတွက် ပဓာနကျသည့် မီဒီယာကြီးလည်းဖြစ်။      

Add new comment