အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်ညှိနှိုင်းရေးအတွက် ကြိုတင်ပြင်ဆင်သည့် အစည်းအဝေးကို ဒီဇင်ဘာလ ၂၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါ သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက-
· အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူ စာချုပ်ညှိနှိုင်းဆွေးနွေးမှုများကို မကြာမီစတင်တော့မည်ဖြစ်၍ အာဆီယံသာမက မြန်မာနိုင်ငံ၏ အကျိုးစီးပွား အတွက်ကိုပါ ရလဒ်ကောင်းများရရှိအောင် စနစ်တကျကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း။
· ဘာသာရပ်အလိုက် ကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းသူများ ရွေးချယ်တာဝန်ပေးအပ်ရာတွင် နိုင်ငံတကာသဘောတူညီ ချက်များနှင့် မြန်မာနိုင်ငံ၏ ဥပဒေများကို ကြေညက်ပိုင်နိုင်ကျွမ်းကျင်သူများကိုသာ တာဝန်ပေးအပ်ရန်လိုကြောင်း။
· မြန်မာနိုင်ငံ၏ ပို့ကုန်များ စျေးကွက်ရရှိရေး၊ အရည်အသွေး မြင့်၍ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများရရှိရေးတို့ကို ဦးစားပေးညှိနှိုင်းဆွေးနွေးရန် လိုအပ်သကဲ့သို့ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍတို့ မထိခိုက်စေရေးအတွက် လိုအပ်သလို ကာကွယ်နိုင်မည့်အစီအမံများကိုလည်း မြန်မာ နိုင်ငံ၏ တည်ဆဲဥပဒေ၊ သဘောတူလက်မှတ် ရေးထိုးထား သည့် နိုင်ငံတကာ သဘောတူစာချုပ်များနှင့်အညီ ရပ်တည်ဆွေးနွေးရန်လိုကြောင်း ပြောကြားခဲ့။
အစည်းအဝေးတက်ရောက်လာသည့် ဘာသာရပ်ဆိုင်ရာဌာနများက သက်ဆိုင်ရာဘာသာရပ်အလိုက် အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် စေ့စပ်ညှိနှိုင်းမှုနှင့်စပ်လျဉ်း၍ ပြင်ဆင်ထားမှုအခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပါသည်။