မြိုင်မြို့နယ်၌ သီလရှင်ဆရာကြီး ၁ ပါးအား PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ရက်စက်စွာပစ်ခတ်သတ်ဖြတ်

ဇန်နဝါရီလ ၃၀ ရက်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဝက်ကျူံး ကျေးရွာ၌ သီလရှင်ဆရာကြီး ၁ ဦးအား PDF အကြမ်းဖက်သမားများက သတ်ဖြတ်သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့ရာ ဝက်ကျူံးကျေးရွာရှိ သာသနာ့ဇောတိကာရုံကျောင်းတိုက်(မြောက်)ကျောင်း၌ သီလရှင်ဆရာကြီး ဒေါ်နန္ဒသီရိ (၅၇)နှစ် ၁၅ ဝါသည် အဆိုပါဘုန်းတော်ကြီးကျောင်းဆောင်ဘေးရှိ အဖီတဲအတွင်း၌ တစ်ပါးတည်းရှိနေစဉ် အကြမ်းဖက်သူ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးတို့သည် mask များတပ်ဆင်လျက် ဆိုင်ကယ် ၂ စီးဖြင့် ကျောင်းရှေ့သို့ရောက်ရှိကာ ၎င်းတို့အနက်မှ အမျိုးသား ၃ဦးသည် ဘုန်းကြီးကျောင်းအုတ်တံတိုင်းအား ကျော်တက်ဝင်ရောက်လာပြီး သီလရှင်ဆရာကြီးအား ပစ္စတိုသေနတ်ဖြင့် ၂ ချက် ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်ခဲ့ရာ သီလရှင်ဆရာကြီးတွင် နဖူးကျည်ဖောက်ဝင်ဒဏ်ရာနှင့် ဝဲမျက်ခုံးအထက် ကျည်ဖောက်ဝင်ဒဏ်ရာတို့ရရှိကာ အခင်းဖြစ်နေရာရှိမြေကြီးပေါ်တွင် လဲကျသေဆုံးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်စေရန် အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်မှုများ၊ ရဟန်းသံဃာ/သီလရှင်များအား လုပ်ကြံ သတ်ဖြတ်မှုများနှင့် အပြစ်မဲ့ပြည်သူများအပေါ် လုပ်ကြံသတ်ဖြတ်မှုများအား စိတ်နှလုံးညှိုးနွမ်းဖွယ်ရာ လုပ်ဆောင်လျက်ရှိသဖြင့် ပြည်သူတစ်ရပ်လုံးက စက်ဆုပ်ရွံရှာ၍ နာကျည်းမုန်းတီးလျက်ရှိပါသည်။

ထိုကဲ့သို့ သာသနာအနွယ်ဝင် သီလရှင်ဆရာကြီးအား ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

  • မြိုင်မြို့နယ်၌ သီလရှင်ဆရာကြီး ၁ ပါးအား PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ရက်စက်စွာပစ်ခတ်သတ်ဖြတ်ခဲ့။
  • လုံခြုံရေးတပ်ဖွဲ့ဝင်များက သာသနာအနွယ်ဝင် သီလရှင်ဆရာကြီးအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ တရား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိ။

Add new comment