PDF အကြမ်းဖက်အဖွဲ့က မဟုတ်မမှန်လုပ်ကြံဆွဲဆောင်စည်းရုံးမှုကြောင့် ကယားပြည် နယ်ဘက်သို့ ထွက်ခွာလာသည့် ကျောင်းသား ၅ ဦးအား မိဘရင်ခွင်သို့ ပြန်လည် ပို့ဆောင်အပ်နှံပေးမှု

CRPH ၊ NUG အကြမ်းဖက်အဖွဲ့၏ ညွှန်ကြားချက်ဖြင့်  PDF အကြမ်းဖက်အဖွဲ့မှ မဟုတ်မမှန်လုပ်ကြံဆွဲဆောင်စည်းရုံးမှုကို နားယောင်ကာ ကယားပြည်နယ်ဘက်သို့ ထွက်ခွာလာသော  ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အထက(ရွှေမြယာ)မှ ကျောင်းသား ၈ ဦးအနက် ၅ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျောင်းသားမိဘများ၊ ဆရာ/ဆရာမများနှင့် တာဝန်သိပြည်သူများ ပူးပေါင်း၍ ရှာဖွေစုံစမ်းခဲ့ရာ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာ၌ ဇန်နဝါရီလ ၃၀ ရက်တွင် ပြန်လည်တွေ့ရှိခဲ့ပြီး မိဘများ၏ရင်ခွင်သို့ ပြန်လည်ပို့ဆောင်အပ်နှံပေးခဲ့ကြောင်းသိရှိရပါသည်။

 ဇန်နဝါရီလ ၂၉ ရက်တွင် CRPH ၊ NUG အကြမ်းဖက်အဖွဲ့၏ လက်အောက်ခံအဖွဲ့ဖြစ်သော  ကယားပြည်နယ်ရှိ PDF အကြမ်းဖက်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးသည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အထက(ရွှေမြယာ)မှ နဝမတန်းကျောင်းသားများဖြစ်သော မောင်ဇွဲသက်ပိုင် (၁၅)နှစ်၊ မောင်ရဲမင်းထွေး (၁၆)နှစ်၊ မောင်အောင်နိုင် သူ (၁၆)နှစ်၊ ဒသမတန်းကျောင်းသားများဖြစ်သော မောင်ဥက္ကာမင်းမောင် (၁၅)နှစ်၊ မောင်ကောင်းသန့်နိုင် (၁၅)နှစ်၊ မောင်သန်းထိုက် (၁၅)နှစ်၊  မောင်သိန်းသန်းရွှေ (၁၆) နှစ်နှင့် အောင်မြင့်မြတ်တို့အား အင်တာနက်လူမှုကွန်ရက်မှတစ်ဆင့် ဆက်သွယ်၍ မဟုတ်မမှန်လုပ်ကြံစည်းရုံးမှုများဆောင်ရွက်ကာ ကယားပြည်နယ်သို့ လာရောက်ရန်ပြောကြားခဲ့သဖြင့်-

  • အပြစ်မဲ့ကျောင်းသား ၈ ဦးသည် PDF အကြမ်းဖက်သမား၏ ဆွဲဆောင်စည်းရုံးမှုကိုနားယောင်ပြီး မိဘများအား ကျောင်းသို့သွားမည်ဟု အကြောင်းပြကာ စေတမာန် Express ကားဖြင့် ရန်ကုန်မှတောင်ငူမြို့သို့ လိုက်ပါခဲ့ကြကြောင်း။
  • ဇန်နဝါရီလ ၃၀ ရက်တွင်  တာဝန်သိပြည်သူများ၏ ဖြောင်းဖျမှုကြောင့် မိဘများထံသို့ဖုန်းနှင့် ပြန်လည်ဆက်သွယ်မှုရယူခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အေသင်စားသောက်ဆိုင်၌ အပြစ်မဲ့ကျောင်းသား ၈ ဦး အနက် ၅ ဦးအား ပြန်လည်တွေ့ရှိခဲ့သဖြင့် ခေါ်ဆောင်ကာ မိဘများ၏ရင်ခွင်သို့ ပြန်လည်ပို့ဆောင် အပ်နှံ ပေးခဲ့ကြောင်းနှင့် ကျန်ကျောင်းသား ၃ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျောင်းသားမိဘများ၊ ဆရာ/ဆရာမများနှင့် တာဝန်သိပြည်သူများ ပူးပေါင်း၍ ဆက်လက်ရှာဖွေစုံစမ်းလျက်ရှိကြောင်း။

CRPH ၊ NUG အကြမ်းဖက်အဖွဲ့၏ ညွှန်ကြားချက်ဖြင့်  PDF အကြမ်းဖက်အဖွဲ့မှ အပြစ်မဲ့ကျောင်းသားလူငယ်များအား မဟုတ်မမှန်လုပ်ကြံစည်းရုံးကာ အကြမ်းဖက်လုပ်ငန်းများ၌ အသုံးချလုပ်ဆောင်လျက်ရှိကြောင်း တွေ့ရှိရသဖြင့် ကျောင်းသား၊ မိဘ၊ ဆရာ သုံးဦးသုံးဖလှယ် ပေါင်းစပ်၍ ကျောင်းသားလူငယ်များ လမ်းမှား မရောက်စေရေး ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်သွားရန်၊ တာဝန်သိမိဘပြည်သူများအနေဖြင့်လည်း သတင်းရရှိပါက သက်ဆိုင်ရာသို့ သတင်းပေးပို့သွားရန်နှင့် အပြစ်မဲ့ကျောင်းသားများအား စည်းရုံးအသုံးချနေသည့် အကြမ်းဖက်သမားများကိုလည်း ဆက်လက်စုံစမ်းဖော်ထုတ်၍ တည်ဆဲဥပဒေအရ ထိရောက်စွာအရေးယူ သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

  • CRPH ၊ NUG အကြမ်းဖက်အဖွဲ့၏ ညွှန်ကြားချက်ဖြင့်  မဟုတ်မမှန်လုပ်ကြံ ဆွဲဆောင်စည်းရုံးမှုကြောင့် ကယားပြည်နယ်ဘက်သို့ ထွက်ခွာလာသည့် ကျောင်းသား ၅ ဦးအား မိဘရင်ခွင်သို့ ပြန်လည်ပို့ဆောင်အပ်နှံခဲ့။
  • ကျန်ကျောင်းသား ၃ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျောင်းသားမိဘများ၊ ဆရာ/ ဆရာမများနှင့် တာဝန်သိပြည်သူများ ပူးပေါင်း၍ ဆက်လက်ရှာဖွေစုံစမ်းလျက်ရှိ။
  • အပြစ်မဲ့ကျောင်းသားများအား စည်းရုံးအသုံးချနေသည့် အကြမ်းဖက်သမားများကိုလည်း ဆက်လက်စုံစမ်းဖော်ထုတ်၍ တည်ဆဲဥပဒေအရ ထိရောက်စွာအရေးယူသွားမည်ဖြစ်။

       

Add new comment