PDF အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပုလဲမြို့နယ်၊ အင်မထီးကျေးရွာရှိ နေအိမ် ၂၀၀ လုံးခန့် မီးလောင်ပျက်စီး

PDF အကြမ်းဖက်အဖွဲ့များသည် ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များတွင် ပူးပေါင်းပါဝင်ရန် စည်းရုံးခဲ့သော်လည်း အင်မထီးကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့များက ပူးပေါင်းပါဝင်ခြင်းမရှိသဖြင့် ဇန်နဝါရီလ ၃၀ ရက်တွင် အလစ်အငိုက်ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်လာခဲ့ရာ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံတိုက်ခိုက်သဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပါသည်။

ထိုသို့ဖြစ်ပွား‌နေစဉ် ကျေးရွာအနီးရှိ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် သွားရောက်ပူးပေါင်း၍ အကြမ်းဖက်သမားများအား ချေမှုန်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ အထိနာခဲ့ပြီး ကျေးရွာအား မီးရှို့ထွက်ပြေးခဲ့သဖြင့် ကျေးရွာရှိနေအိမ် ၂၀၀ လုံးခန့် မီးလောင် ပျက်စီးခဲ့ကြောင်း နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါအကြမ်းဖက်သမားများ မီးရှို့ခဲ့သည့်အင်မထီးကျေးရွာသို့ ဇန်နဝါရီလ ၃၁ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်၍ ကျေးရွာသူ/ကျေးရွာသားများအား ကျေးရွာစာသင်ကျောင်း၌ တွေ့ဆုံအားပေးစကားပြောကြားပြီး ဆန်၊ ဆီ၊ စားသောက် ဖွယ်ရာများ၊ အသုံးအဆောင်ပစ္စည်းများ၊ ထောက်ပံ့ငွေများနှင့် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာသူ/ကျေးရွာသားများအား နေအိမ်များတွင် အေးချမ်းစွာပြန်လည်နေထိုင်ရန် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

NUG၊ CRPH နှင့်  PDF အကြမ်းဖက်သမားများသည် အဆိုပါအကြမ်းဖက်လုပ်ရပ်များကို မကြာခဏကျူးလွန်လုပ်ဆောင်၍ လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းမှုမရှိကြောင်း ဝါဒဖြန့်ဆောင်ရွက်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးမှုရှိစေရေးတို့အတွက် နယ်မြေခံပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါသည်။

  • PDF အကြမ်းဖက်အဖွဲ့များသည် ပုလဲမြို့နယ်၊ အင်းမထီးကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့များအား ၎င်းတို့နှင့်ပူးပေါင်းပါဝင်ခြင်းမရှိသည့်အတွက် အင်အားအလုံးအရင်းဖြင့် ချဉ်းကပ်ခဲ့ရာမှ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး PDF အကြမ်းဖက် သမားများက ကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီးကာ ထွက်ပြေးသွားခဲ့သဖြင့် ကျေးရွာရှိနေအိမ် ၂၀၀ လုံးခန့် မီးလောင်ပျက်စီးခဲ့။
  • PDF အကြမ်းဖက်အဖွဲ့များ မီးရှို့ခဲ့သည့် ကျေးရွာသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံအားပေး၍ လိုအပ်သည်များ ထောက်ပံ့ပေးအပ်ခဲ့။

Add new comment