ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၁/၂၀၂၂) ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၂)ကို ဇန်နဝါရီလ ၃၁ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအနေဖြင့် ကျန်းမာရေးအခြေအနေအရ အစည်းအဝေးမတက်ရောက်နိုင်ကြောင်း ခွင့်ပန်ကြားခဲ့ပါသည်။

 အစည်းအဝေးတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အကျိုးအကြောင်းဖော်ပြလျက် အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလအား သက်တမ်းတိုးမြှင့်ပေးပါရန်ကိစ္စနှင့် စပ်လျဉ်း၍-

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁ နှစ်ပြည့် တာဝန်ထမ်းဆောင်ခဲ့မှုအခြေအနေများ၊  နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြဖော်ထုတ်မှုမှတစ်ဆင့် လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှုများအဆင့်ထိ ပြောင်းလဲလာသည့် အခြေအနေများ။
  • စီးပွားရေးတွင် နိုင်ငံတကာမှ ဝိုင်းဝန်းပိတ်ဆို့ခံနေရမှု အခြေအနေများနှင့် ပြန်လည် တိုးတက်အောင်စီမံဆောင်ရွက်နေမှု အခြေအနေများ။
  • ဘာသာသာသနာဖျက်ဆီးခံနေရမှု အခြေအနေများနှင့် ၎င်းတို့ကို တိုးတက်ပြန့်ပွားအောင် ဆောင်ရွက်နေမှုအခြေအနေများ၊
  • ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ် အကောင်အထည်ဖော်မှုများ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်မှုအခြေအနေများ၊
  • နိုင်ငံတော်၏လက်ရှိအခြေအနေအရ နိုင်ငံတော်တာဝန်ကို ဆက်လက်ထမ်းဆောင်မည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပါသည်။

ယာယီသမ္မတ ဦးမြင့်ဆွေက ဖြစ်ပေါ်လာသည့်အခြေအနေအရပ်ရပ်အပေါ် သုံးသပ်ခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ တင်ပြချက်များအရ အရေးပေါ် အခြေအနေကြေညာထားသည့်ကာလအား ၆ လသက်တမ်းတိုးလိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ အသိပေးကြေညာခဲ့ပါသည်။

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၂)ကို ဇန်နဝါရီလ ၃၁ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့။
  • အစည်းအဝေးတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အကျိုးအကြောင်းဖော်ပြလျက် အရေးပေါ် အခြေအနေကြေညာထားသည့်ကာလအား သက်တမ်းတိုးမြှင့်ပေးပါရန် ကိစ္စရပ်များနှင့် နိုင်ငံတော်၏လက်ရှိအခြေအနေအရ နိုင်ငံတော်တာဝန်ကို ဆက်လက်ထမ်းဆောင်မည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့။
  • ယာယီသမ္မတက ဖြစ်ပေါ်လာသည့်အခြေအနေအရပ်ရပ်အပေါ် သုံးသပ်ခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ တင်ပြချက်များအရ အရေးပေါ် အခြေအနေကြေညာထားသည့်ကာလအား ၆ လသက်တမ်းတိုးလိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ အသိပေးကြေညာခဲ့။

Add new comment