မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်‌ရေး ဗဟိုအဖွဲ့ အစည်းအဝေး(၁/၂၀၂၁)ကျင်းပ

  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး(၁/၂၀၂၁)ကို ဒီဇင်ဘာလ ၂၁ ရက်တွင် နေပြည်တော်ရှိ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က-

· မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို စီမံချက်များရေးဆွဲဆောင်ရွက်ခဲ့ရာ ဖမ်းဆီးရမိမှု ကိန်းဂဏန်းများ နှစ်စဉ်များပြားနေသည်ကိုတွေ့ရှိရပြီး  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးများကို ယနေ့အချိန်ထိ (၃၄)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း။

· အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုကြောင့် မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှု နှစ်စဉ်ကျဆင်းလျက်ရှိရာ ၂၀၁၉ ခုနှစ်တွင် ဟက်တာ ၃၃,၁၀၀ နှင့် ၂၀၂၀ ပြည့်နှစ်တွင် ဟက်တာ ၂၉,၅၀၀ အထိ ကျဆင်းခဲ့ပြီး ထုတ်လုပ်မှုအနေဖြင့် ၂၀၁၉ ခုနှစ်တွင် ၅၀၈ မက်ထရစ်တန်နှင့် ၂၀၂၀ ပြည့်နှစ်တွင် ၄၀၅ မက်ထရစ်တန်ထိ ကျဆင်းခဲ့ကြောင်း။

· တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနတို့က အရှိန်    အဟုန်မြှင့်ဆောင်ရွက်ခဲ့ရာ အောင်မြင်မှုများရရှိခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၂၀ ရက်အထိ ဘိန်း ၂.၂ တန်ကျော်၊ ဘိန်းဖြူ ၂.၄ တန်ကျော်၊  စိတ်ကြွရူးသွပ်ဆေးပြား ၁၉၃.၃ သန်းကျော်၊ အိုက်စ် ၁၃.၅ တန်ကျော်၊ ကတ်တမင်း ၇၆၂ ကီလိုအပါအဝင် မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ စုစုပေါင်းတန်ဖိုးငွေကျပ် ၉၄၇ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့။

· မူးယစ်ဆေးဝါးထုတ်လုပ်မှုလျှော့ချနိုင်ရန် ဓာတုပစ္စည်းများ ထိန်းချုပ်ရေးကဏ္ဍသည် အဓိကကျသည့်အတွက် တရားမဝင်ဓာတုပစ္စည်းများ နယ်စပ်ဒေသမှ ဝင်ရောက်လာမှုကို တားမြစ်ထိန်းချုပ်နိုင်ရန်လိုကြောင်း။

· မူးယစ်ဆေးဝါးပြဿနာသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေသည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး ကိုယ်စီတာဝန်ရှိသည်ဟူသောအသိဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့။

  အစည်းအဝေးသို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟို  အဖွဲ့ အဖွဲ့ဝင်များ၊ လုပ်ငန်းအဖွဲ့များမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များတက်ရောက်ကြပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ အတွင်းရေးမှူး၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်တွဲဖက်အတွင်းရေးမှူးများက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

  • အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှုကြောင့် မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှု နှစ်စဉ်ကျဆင်းလျက်ရှိရာ ၂၀၁၉ ခုနှစ်တွင် ဟက်တာ ၃၃,၁၀၀ နှင့် ၂၀၂၀ ပြည့်နှစ်တွင် ဟက်တာ ၂၉,၅၀၀ အထိ ကျဆင်းခဲ့ပြီး ထုတ်လုပ်မှုအနေဖြင့် ၂၀၁၉ ခုနှစ်တွင် ၅၀၈ မက်ထရစ်တန်နှင့် ၂၀၂၀ ပြည့်နှစ်တွင် ၄၀၅ မက်ထရစ်တန်ထိ ကျဆင်းခဲ့။
  • တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနတို့က အရှိန်အဟုန် မြှင့်ဆောင်ရွက်ခဲ့ရာ အောင်မြင်မှုများရရှိခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၂၀ ရက်အထိ ဘိန်း ၂.၂ တန်ကျော်၊ ဘိန်းဖြူ ၂.၄ တန်ကျော်၊  စိတ်ကြွရူးသွပ်ဆေးပြား ၁၉၃.၃ သန်းကျော်၊ အိုက်စ် ၁၃.၅ တန်ကျော်၊ ကတ်တမင် ၇၆၂ ကီလိုအပါအဝင် မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ စုစုပေါင်း တန်ဖိုးငွေကျပ် ၉၄၇ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့။