စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်စတင်ကျင်းပ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်များ တစ်ခဲနက်ပါဝင်ဆင်နွှဲ

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်ကို ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ၊ ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ တိုးတက်ကောင်းမွန်လာစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလ ငါးတန်မြှင့်တင်ပေးနိုင်ရန်နှင့် အနာဂတ်လူ့ဘောင်အဖွဲ့အစည်းအား ၎င်းတို့၏ အတွေးအမြင်ကောင်းများဖြင့် တည်ဆောက်အကောင်အထည်ဖော်နိုင်ရန်ရည်ရွယ်၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ဇန်နဝါရီလ ၂၉ ရက်တွင် စတင်ကျင်းပခဲ့ရာ-

  • ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်လူရွယ်များ အားကစားစိတ်ဓါတ်ရင့်သန်စေပြီး နိုင်ငံတော်၏ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဗီယက်နမ်နိုင်ငံ၌ကျင်းပမည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အားကစားများ လေ့ကျင့်နေမှုကို လေ့လာနိုင် မည့် အစီအစဉ်ကိုလည်းကောင်း။

  • မြန်မာနိုင်ငံ၏လူငယ်များ လေကြောင်းပညာရပ်ကို စိတ်ပါဝင်စားလာစေရန်နှင့် ခေတ်ပေါ်နည်းပညာရပ်များလေ့လာလိုက်စားပြီး နိုင်ငံတော်အတွက် အထောက်အကူပြုစေမည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ လေကြောင်းပညာရပ်ဆိုင်ရာ ပြခန်းကိုလည်းကောင်း။

  • စာအုပ်စာပေဖတ်ရှုလေ့လာရန် အားသန်ကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များနှင့် ကလေးငယ်များအတွက်လည်း စာပေဗိမာန်အရောင်းပြခန်းကိုလည်းကောင်း။

  • ပွဲတော်ကြီးသို့ လာရောက်လေ့လာဆင်နွှဲကြသည့် လူငယ်များနှင့် ကလေးငယ်များ ပျော်ရွှင်စေရန်အတွက် စုပေါင်းဆော့ကစားရသည့် ဂိမ်းများဖြစ်သော ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အိမ်ဆောက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲနှင့် စကားပုံပြိုင်ပွဲများကိုလည်း ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကန့်သတ်နေရာများအလိုက် ဆော့ကစားစေပြီး အမှတ်တရလက်ဆောင်များပေးအပ်သည့် အစီအစဉ်များအပြင် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ခင်းကျင်းပြသည့် ပြခန်းပေါင်း ၄၀ ကျော်ကိုလည်း ထည့်သွင်းပြသထားပါသည်။  

ယခုအချိန်အခါသည် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်ခြင်းကြောင့် ပွဲတော်သို့ လာရောက်ကြသူများကိုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ စစ်ဆေးဆောင်ရွက်ပြီးမှသာ ပွဲတော်အတွင်းသို့ ဝင်ရောက်ခွင့်ပြုသည့်အပြင် တစ်စုံတစ်ရာကျန်းမာရေး ချို့ယွင်းမှုဖြစ်ပေါ် ပါကလည်း အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်များကိုလည်း ထည့်သွင်းထားရှိကာ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ တစ်ခဲနက်ပါဝင် ဆင်နွှဲခဲ့ကြကြောင်း သိရှိရပါသည်။

  • (၇၅) နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော်ကို ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ၊ ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ တိုးတက်ကောင်းမွန်လာစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလ ငါးတန်မြှင့်တင်ပေးနိုင်ရန်နှင့် အနာဂတ်လူ့ဘောင် အဖွဲ့အစည်းအား ၎င်းတို့၏ အတွေးအမြင်ကောင်းများဖြင့် တည်ဆောက်အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်၍ ကျင်းပခဲ့။
  • ပွဲတော်ကြီးတွင် ပြခန်းပေါင်း ၄၀ ကျော်ခင်းကျင်းပြသခဲ့ရာ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ တစ်ခဲနက် ပါဝင်ဆင်နွှဲခဲ့။

Add new comment