အာဆီယံအစည်းအဝေးများတွင် နိုင်ငံကိုယ်စားပြုမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၌ ပဋိညာဉ်စာတမ်းပါ မူများနှင့်အညီ တန်းတူရည်တူရှိရေးဟူသောမူအတိုင်း ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားမှ ခန့်အပ်မည့် အထူးကိုယ်စားလှယ်အသစ်နှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိပါကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားရှိပါသည်။
သတင်းထုတ်ပြန်ချက်
ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၂ ခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌတာဝန်ယူမည့်ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူပါသည်။ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘောဒီးယားနိုင်ငံ၏ အာဆီယံဥက္ကဋ္ဌတာဝန်ယူမှုနှင့် ၂၀၂၂ ခုနှစ်တွင် ကြိုးပမ်းအကောင်အထည်ဖော်သွားမည့် ဦးစားပေး အစီအစဉ်များကိုလည်း အပြည့်အဝ ထောက်ခံသွားမည်ဖြစ်ပါသည်။
ဝန်ကြီးချုပ်ဟွန်ဆင် မြန်မာနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့မှ ၈ ရက်နေ့ အထိ အလုပ်သဘောခရီးစဉ် လာရောက်ခဲ့သည့်အတွက် ကျေးဇူးတင်ပါသည်။ ယင်းခရီးစဉ်က အပြုသဘောဆောင်သော ရလဒ်များဖြစ်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ခြင်း၊ အာဆီယံဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ်၊ အာဆီယံအတွင်းရေး မှူးချုပ်၊ AHA စင်တာမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံသို့ AHA စင်တာမှတစ်ဆင့် လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့၊ မြန်မာ နိုင်ငံ ကြက်ခြေနီအသင်းနှင့် သက်ဆိုင်ရာကုလသမဂ္ဂလက်အောက်ခံ အထူးအေဂျင်စီတို့ ပါဝင်သော အစည်းအဝေး ကျင်းပခြင်း၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်မှ လက်နက်ကိုင်အဖွဲ့အစည်းများအပါအဝင် မြန်မာနိုင်ငံ၏ အခြေအနေအပေါ်မူတည်၍ သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံခြင်းတို့ကို ရရှိမည်ဖြစ်ပါသည်။ အထူးကိုယ်စားလှယ်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြုလုပ်သည့် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်ရေးမှာ ဝန်ကြီးချုပ်ဟွန်ဆင်၏ ခရီးစဉ်ရလဒ်တစ်ခုလည်း ဖြစ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် ဝန်ကြီးချုပ်ဟွန်ဆင်က အာဆီယံအတွင်း မတူညီသည့် သဘောထားများကို ဆွေးနွေးမှုများဖြင့် ဆောင်ရွက်နေခြင်း၊ အာဆီယံပဋိညာဉ်စာတမ်းနှင့်အညီ အာဆီယံစည်းလုံးညီညွတ်မှုကို ထိန်းသိမ်းရေးနှင့် တူညီဆန္ဒ(၅) ချက် အကောင်အထည်ဖော်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆက်သွယ် ဆွေးနွေးမှုများ ပြုလုပ်ခြင်းကိုလည်း မှတ်သားထားပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဝန်ကြီးချုပ်ဟွန်ဆင်တို့ ၂၆-၁-၂၀၂၂ ရက်နေ့၌ ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံစဉ်တွင်လည်း အာဆီယံဥက္ကဋ္ဌနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်ရေးအတွက် အပြုသဘောဆွေးနွေးခဲ့ကြပါသည်။
မြန်မာအနေဖြင့် အာဆီယံ၏ တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်မှုနှင့်ပတ်သက်၍ ၂၄-၄-၂၀၂၁ ရက်၌ ကျင်းပခဲ့သည့် အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေး ပြီးခဲ့သည့်နောက်ပိုင်း ပြည်သူများ အသက်အိုးအိမ်လုံခြုံမှုနှင့် ပြည်တွင်းတရားဥပဒေစိုးမိုးရေးအတွက် အမြင့်မားဆုံး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက် ရုံသာမက အင်အားအနည်းဆုံး အသုံးပြု၍ ကိုင်တွယ်ဆောင်ရွက်နေပြီး အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက်ရေးတို့နှင့်ပတ်သက်၍လည်း မြန်မာနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ၁၅-၁၀-၂၀၂၁ ရက်နေ့တွင် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်း အဝေး နောက်ပိုင်း၌လည်း မြန်မာနိုင်ငံသည် အာဆီယံနှင့် အပြုသဘော ဆက်လက်ထိတွေ့ဆက်ဆံလျက်ရှိပါသည်။ ထိုသို့ရရှိပြီးဖြစ်သည့် ရလဒ်ကောင်းများကို ဆက်လက်ထိန်းသိမ်းသွားရေးကိုရည်ရွယ်၍ ကမ္ဘောဒီးယားနိုင်ငံက ၎င်းတို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရတ်ဆုတ်ခွန်းအား အထူးကိုယ်စားလှယ်အသစ် အဖြစ်ခန့်ရန် ရွေးချယ်အဆိုပြုလာခြင်းကို ကြိုဆိုခဲ့ပါသည်။ ၎င်းအား တာဝန်ပေးခန့်အပ်ရန် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအားလုံးပါဝင်ကာ ဆောလျင်စွာအပြီးသတ် ဆောင်ရွက်နိုင်မည်ဟု မြန်မာနိုင်ငံအနေဖြင့် မျှော်လင့်ပါသည်။ အာဆီယံ အစည်းအဝေးများတွင်လည်း နိုင်ငံကိုယ်စားပြုမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါမူများနှင့်အညီ တန်းတူရည်တူရှိရေးဟူသောမူအတိုင်း ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ ပြဌာန်းချက်များနှင့်အညီ အာဆီယံနှင့် အပြုသဘောဆက်ဆံမှုပြုရေးကို ရည်ရွယ်၍ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားမှခန့်အပ်မည့် အထူးကိုယ်စားလှယ်အသစ်နှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိပါကြောင်း ဖော်ပြအပ်ပါသည်။
- မြန်မာနိုင်ငံအနေဖြင့် ဝန်ကြီးချုပ်ဟွန်ဆင်က အာဆီယံအတွင်း မတူညီသည့် သဘောထားများကို ဆွေးနွေးမှုများဖြင့် ဆောင်ရွက်နေခြင်း၊ အာဆီယံပဋိညာဉ်စာတမ်းနှင့်အညီ အာဆီယံစည်းလုံးညီညွတ်မှုကို ထိန်းသိမ်းရေးနှင့် တူညီဆန္ဒ(၅) ချက် အကောင်အထည်ဖော်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိ သူများနှင့် ဆက်သွယ်ဆွေးနွေးမှုများ ပြုလုပ်ခြင်းကို မှတ်သားထား။
- အာဆီယံအစည်းအဝေးများတွင် နိုင်ငံကိုယ်စားပြုမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါမူများနှင့်အညီ တန်းတူရည်တူရှိရေးဟူသော မူအတိုင်းရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ပြီး အာဆီယံနှင့် အပြုသဘောဆက်ဆံမှုပြုရေးကို ရည်ရွယ်၍ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားမှခန့်အပ် မည့် အထူးကိုယ်စားလှယ်အသစ်နှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိ။
- မြန်မာနိုင်ငံအနေဖြင့် ပြည်သူများ အသက်အိုးအိမ်လုံခြုံမှုနှင့် ပြည်တွင်းတရားဥပဒေစိုးမိုးရေးအတွက် အမြင့်မားဆုံးထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရုံသာမက အင်အားအနည်းဆုံးအသုံးပြု၍ ကိုင်တွယ်ဆောင်ရွက်နေပြီး အထူးကိုယ်စားလှယ် လာရောက်ရေးတို့နှင့်ပတ်သက်၍လည်း အာဆီယံဥက္ကဋ္ဌနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ။
Add new comment