ယင်းမာပင်မြို့နယ်ရှိ သီတဂူချင်းတွင်း သာမဏေကျော်ဗုဒ္ဓတက္ကသိုလ်အား PDF အကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းများ၊ မီးတုတ်များဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်တိုက်ခိုက် မီးရှို့ဖျက်ဆီး

ဇန်နဝါရီလ ၂၇ ရက် ညပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ အောင်ဇေယျ မြို့သစ်ရှိ သီတဂူချင်းတွင်းသာမဏေကျော်ဗုဒ္ဓတက္ကသိုလ်သို့ PDF အကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းများ၊ မီးတုတ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျောင်းဝင်းအတွင်းသို့ ဗုံးသီးများကျရောက်ပေါက်ကွဲပြီး မီးတုတ်များမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ပါသည်။ အဆိုပါကျောင်းဝင်းအတွင်း မီးလောင်နေကြောင်း သတင်းရလျှင်ရခြင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့က သွားရောက်မီးငြှိမ်းသတ်ခဲ့ပြီး မီးလောင်မှုကြောင့် စာသင်သားသံဃာတော်များ သီတင်းသုံးနေထိုင်ရာ ထန်းရွက်မိုး၊ ထရံကာ အဆောက်အဦ ၂ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပါသည်။

အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်အရ CRPHNUG အကြမ်းဖက်အဖွဲ့များ၏ စေခိုင်းချက်ဖြင့် PDF အကြမ်းဖက်သမားများက ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံခြင်းမရှိသည့် ဘုန်းကြီးကျောင်းများကို မီးရှို့ဖျက်ဆီးခြင်း၊ ဗုဒ္ဓသာသနာပြန့်ပွားရေး သာသနာ့တာဝန်ထမ်းဆောင်နေသော ဘုရားသားတော်များအား အကြောင်းမဲ့ရက်ရက်စက်စက်ဖမ်းဆီးသတ်ဖြတ်ခြင်းများသည် မြန်မာလူမျိုးအများစု၏ ကိုးကွယ်ယုံကြည်ရာဖြစ်သော ဗုဒ္ဓဘာသာသာသနာတော် ညှိုးနွမ်းပျက်စီးစေခြင်း၊ အများပြည်သူအထိတ်တလန့်ဖြစ်စေခြင်းနှင့် မြန်မာလူမျိုးတို့အထွဋ်အမြတ်ထားသည့် ဘာသာသာသနာကိုပါ ထိခိုက်စော်ကားလာသည့်အတွက် ပြည်သူ တစ်ရပ်လုံးက စက်ဆုပ်ရွံရှာ၍ နာကျည်းမုန်းတီးလျက်ရှိပါသည်။     

ထိုကဲ့သို့ ဗုဒ္ဓသာသနာတော်တည်တံ့ခိုင်မြဲရေးအတွက် စာသင်သားသံဃာတော်များအား ပါဠိပိဋိကတ်စာပေများ သင်ကြားပို့ချပေးလျက်ရှိသည့် သီတဂူချင်းတွင်း သာမဏေကျော်ဗုဒ္ဓတက္ကသိုလ်အား အကြမ်းဖက်ပစ်ခတ်တိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့ကြသည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။     

  •  PDF အကြမ်းဖက်သမားများက ယင်းမာပင်မြို့နယ်ရှိ သီတဂူချင်းတွင်းသာမဏေ ကျော်ဗုဒ္ဓတက္ကသိုလ်အား အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့ခြင်း ကြောင့် စာသင်သားသံဃာတော်များ သီတင်းသုံးနေထိုင်ရာ ထန်းရွက်မိုး၊ ထရံ ကာအဆောက်အဦ ၂ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့။

Add new comment