၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု(၁)ဈေးတိုက်တန်းရှိ “မောသစ်”ရွှေဆိုင်အား အကြမ်းဖက်သူ အမျိုးသား ၄ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်း ဝင်ရောက်လာကာ သေနတ်ဖြင့်ပစ်ခတ်၍ ဆိုင်အတွင်းရှိ မှန်ဘီဒိုအတွင်းမှ ဆွဲကြိုး ၃၀ ကုံး၊ လက်ကောက် ၃၄ ကွင်း၊ ဟန်းချိန်း ၁၂ ခု၊ ရွှေကလစ် ၁၇ ခု၊ နားကပ် ၅၂ ရံ၊ ပီချူးရုပ် ၁ ခု၊ စုစုပေါင်းရွှေ ၆၅ ကျပ်သား ၉ ပဲ ၄ ရွေး (ကာလတန်ဖိုး ၁၁၈၀ သိန်းခန့်)တို့အား လုယက်ယူဆောင်သွားပြီး ဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်ဖြူဖွေး(ခ) ဖြိုးသန္တာအောင်(၃၃)နှစ်တွင် ယာလက်မောင်း ကျည်ရှပ်ထိဒဏ်ရာ ၂ ချက် ရရှိခဲ့သဖြင့် ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၉၄/၁၁၄ ဖြင့် အမှုဖွင့်လှစ်ကာ တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပါသည်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်တွင် ချမ်းအေးသာစံမြို့နယ်တွင် ဖွင့်လှစ်ထားရှိသော “ဝိန့်လီ”ရွှေဆိုင်သို့ ဆိုင်ကယ် ၃ စီးဖြင့် အမျိုးသား ၆ ဦး ရောက်ရှိလာပြီး ပစ္စတို သေနတ် ၂ လက်ဖြင့် ၅ ချက်ပစ်ဖောက်၍ ရွှေရောင်းချသည့် ကောင်တာ ၇ ခုအား ရိုက်ခွဲ ဖျက်ဆီးခဲ့ပြီး ရွှေဆွဲကြိုး ၁၈၀ ကုံး၊ ရွှေလက်ကောက် ၆ ကွင်း၊ စိန်လက်ကောက် ၁၁ ကွင်း၊ ဟမ်ချိန်း ၅၄ ကွင်း၊ စိန်ဆွဲသီး ၅ ခု (ကာလတန်ဖိုး ၁၅,၀၀၀ သိန်း)အား ယူဆောင်ပြီး ဆိုင်အတွင်းရွှေဝယ်ရန် ရောက်ရှိနေသူ အမျိုးသမီး ၁ ဦးအား သေနတ်ဖြင့် ချိန်ရွယ်ခြိမ်းခြောက်၍ ငွေ ၁၀ သိန်းကျပ်အား လုယူကာ ဆိုင်ကယ်များဖြင့် မောင်းနှင်ထွက်ပြေးသွားသဖြင့် ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၈)မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၉၅ ဖြင့် အမှုဖွင့်လှစ်ကာ တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပါသည်။
အထူးအမှုစစ်အဖွဲ့သည် “ဝိန့်လီ”ရွှေဆိုင် ဓားပြတိုက်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး တာဝန်သိပြည်သူများ၏ ပူးပေါင်းကူညီမှုနှင့်ရရှိသည့် သတင်းအချက်အလက်များအပေါ်အခြေခံကာ ကွင်းဆက်မပြတ် ဆက်လက်စုံစမ်းဖော်ထုတ်ခဲ့ရာ အဆိုပါဓားပြ တိုက်မှုဖြစ်စဉ်တွင်ပါဝင်ခဲ့ပြီး မြောင်မြို့နယ်၌ ကွမ်းယာဆိုင်ဖွင့် လှစ်ရောင်းချနေသူ ကိုမျိုး (ခ)မျိုးလင်းနိုင်အား စစ်ကိုင်းမြို့၊ ကန်တလူစစ်ဆေးရေးဂိတ်၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်တွင် ဖမ်းဆီးရမိခဲ့ပါသည်။ ကိုမျိုး(ခ)မျိုးလင်းနိုင်၏ထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်တွင် ပြည်ကြီးတံခွန်မြို့နယ်ရှိ “မောသစ်”ရွှေဆိုင်လုယက်မှုနှင့် ဒီဇင်ဘာလ ၁၈ ရက် ချမ်းအေးသာစံမြို့နယ်၊ “ဝိန့်လီ" ရွှေဆိုင်ဓားပြတိုက်မှု ဖြစ်စဉ်တို့တွင် ၎င်းကိုယ်တိုင် ပါဝင်ကျူးလွန်ခဲ့ကြောင်းနှင့် လုယက်မှုဖြစ်စဉ်များတွင် သိန်းနိုင်ဦး(ခ)မောင်သိန်း၊ မောင်ဆန် (ခ) ဆန္ဒအောင်၊ ထင်အောင်ကျော်၊ ဇော်ဇော်နိုင်၊ ဖြိုးမင်းနိုင်(ခ)ကိုဖြိုး၊ အငယ်လေး(ခ)အောင်ဖြိုးပိုင်၊ မောင်ဟိန်း(ခ)ဟိန်းကိုကို တို့ (၇)ဦးနှင့်အတူ ပါဝင်ကျူးလွန်ခဲ့ကြကြောင်း ဖော်ထုတ်သိရှိခဲ့ရပါသည်။
အထူးအမှုစစ်အဖွဲ့သည့် ပြစ်မှုကျူးလွန်ခဲ့သူများအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ တရားခံ ၉ ဦးအား ၎င်းတို့ထံမှ ပစ္စတိုသေနတ် ၂ လက်၊ ၎င်းကျည် ၂၀ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ရွှေထည်ပစ္စည်း စုစုပေါင်းအလေးချိန် ၂ ပိဿာ ၄၄ ကျပ်သားခန့်၊ ငွေသား ကျပ်သိန်း ၅၁၀၊ တိုက်ရာပါ ပစ္စည်းများအား ရောင်းချ၍ ဝယ်ယူထားသော လက်ကိုင်ဖုန်း ၅ လုံး၊ ဆိုင်ကယ် ၅ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG အဖွဲ့သည် ဆင်ခြင်တုံတရားကင်းမဲ့စွာ အလုံးစုံပျက်သုဉ်းရေး ရည်ရွယ်ချက်များဖြင့် နိုင်ငံအနှံအပြားသို့ တရားမဝင် လက်နက်၊ ခဲယမ်းများ ပို့ဆောင်ခဲ့သောကြောင့် ပြည်တွင်း၌ အကြမ်းဖက်မှုများ၊ ဒုစရိုက်မှုများ ပိုမိုများပြားလာခဲ့ပြီး ဒုစရိုက်သမားများ၊ အကြမ်းဖက်သမားများသည် ပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်ဥစ္စာများအပေါ် ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိပါသည်။
ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူ တရားခံ ၈ ဦး၊ ပူးပေါင်းပါဝင်သူ ၂ ဦး၊ စုစုပေါင်း တရားခံ ၁၀ ဦးအား ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်ရှိသည့် သက်သေခံပစ္စည်းများအား ဆက်လက်စစ်ဆေးဖော်ထုတ်သိမ်းဆည်းနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
- မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ“မောသစ်”ရွှေဆိုင်နှင့် ချမ်းအေး သာစံ မြို့နယ်ရှိ “ဝိန့်လီ” ရွှေဆိုင်တို့ကို သေနတ်များ ပစ်ခတ်ခြိမ်းခြောက်ကာ ရွှေထည်ပစ္စည်းများနှင့် ငွေများ ဓားပြတိုက်၊ လုယက်ယူဆောင်သွားသူ တရားခံ ၈ ဦး၊ ပူးပေါင်းပါဝင်သူ ၂ ဦး၊ စုစုပေါင်း တရားခံ ၁၀ ဦးနှင့်အတူ ပစ္စတိုသေနတ် ၂ လက်၊ ၎င်းကျည် ၂၀ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ရွှေထည်ပစ္စည်း စုစုပေါင်းအလေးချိန် ၂ ပိဿာ ၄၄ ကျပ်သားခန့်၊ ငွေသား ကျပ်သိန်း ၅၁၀၊ တိုက်ရာပါ ပစ္စည်းများအား ရောင်းချ၍ ဝယ်ယူထားသော လက်ကိုင်ဖုန်း ၅ လုံး၊ ဆိုင်ကယ် ၅ စီးတို့ကို ဒုစရိုက်မှုမလိုလားသည့် ပြည်သူများ၏ ပူးပေါင်းကူညီမှုဖြင့် ဖမ်းဆီးရမိခဲ့။
- အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG အဖွဲ့သည် ဆင်ခြင်တုံတရားကင်းမဲ့စွာ အလုံးစုံပျက်သုဉ်းရေး ရည်ရွယ်ချက်များဖြင့် နိုင်ငံအနှံအပြားသို့ တရားမဝင် လက်နက်၊ ခဲယမ်းများ ပို့ဆောင်ခဲ့သောကြောင့် ပြည်တွင်း၌ အကြမ်းဖက်မှုများ၊ ဒုစရိုက်မှုများ ပိုမိုများပြားလာခဲ့ပြီး ဒုစရိုက်သမားများ၊ အကြမ်းဖက် သမားများ သည် ပြည်သူများ၏အသက်အိုးအိမ်၊ စည်းစိမ်ဥစ္စာများအပေါ် ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိ။
Add new comment