တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၂)သင်တန်းဆင်း စစ်ရေးပြအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်ဂုဏ်ပြု

တပ်မတော်ဆေးတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၂)သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ဒီဇင်ဘာလ ၂၀ ရက်တွင် ရန်ကုန်မြို့ရှိ တပ်မတော်ဆေးတက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကိုခံယူပြီးနောက် အလံတော်အဖွဲ့နှင့် ကျောင်းဆင်းတပ်ခွဲများကို စစ်ဆေးခဲ့ပါသည်။ ထို့နောက် ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲများက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက် အလေးပြုခဲ့ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆုရ ဗိုလ်လောင်းများအား  ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်က ကျောင်းဆင်း မိန့်ခွန်းပြောကြားရာတွင် တပ်မတော်အရာရှိ ဆရာဝန်ကောင်း များ လေ့ကျင့်ပျိုးထောင်ခဲ့မှုနှင့်ပတ်သက်၍-

· တပ်မတော်ဆေးတက္ကသိုလ်အနေဖြင့် “တပ်မတော်(ကြည်း၊ ရေ၊ လေ)အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသည့် ဆေးသိပ္ပံပညာရှင် အရာရှိကောင်းများမွေးထုတ်ပေးရန်”ဟူသည့် ရည်ရွယ်ချက်နှင့်အညီ တပ်မတော် အရာရှိဆရာဝန်များကို စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက် ရှိသည်မှာ သင်တန်းဆင်းအရာရှိ စုစုပေါင်း ငါးထောင်ခန့် ရှိခဲ့ပြီဖြစ်ကြောင်း။

· တပ်မတော်အရာရှိ ဆရာဝန်များသည် တာဝန်ကျရာဒေသ နှင့် တာဝန်ထမ်းဆောင်ရမည့် ဆေးတပ်ဖွဲ့အသီးသီးတွင် တပ်မတော်သားများနှင့် မိသားစုဝင်များသာမက ပြည်သူလူထုကိုပါ ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေးမှုများ၊ ကုသမှုပေးမှုများ၊ ကပ်ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေးတာဝန်များကို လက်ဆင့်ကမ်းကြိုးပမ်းထမ်းဆောင် ကြရတော့မည်ဖြစ်သဖြင့် တပ်မတော်‌ဆေးတက္ကသိုလ်က စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးလိုက်သည့် ဆေးပညာ ရပ်များကိုအသုံးချပြီး နိုင်ငံတော်နှင့် တပ်မတော်ကို အလုပ် ကျွေးပြုကြရန်လိုကြောင်း။

စစ်သည်တော်ကျင့်ဝတ်နှင့် ဆေးဘက်ပညာဆိုင်ရာကျင့်ဝတ်နှင့်ပတ်သက်၍ ပြောကြားရာတွင်-

· စစ်သည်တော်ကောင်းစိတ်ဓာတ် ပြည့်ဝစေရေး မိမိတို့ တပ်မတော်၏ Code Of Conduct သဘောသက်ရောက်သည့် ပြဋ္ဌာန်းချက်များဖြစ်သည့် စစ်သည်တော်ကျင့်ဝတ်အပါး ၆၀ ကို တိကျစွာ လိုက်နာတတ်စေရန် တပ်မတော်ဆေးတက္ကသိုလ်မှ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း။

· သင်တန်းဆင်းဗိုလ်လောင်းများအနေဖြင့် ဆရာဝန်များအဖြစ်ဘွဲ့အပ်နှင်းချိန်တွင် ရွတ်ဆိုကြရမည့် ဆရာဝန်များ အဓိဋ္ဌာန်ပြု ကတိသစ္စာ ၉ ချက်ကို အခြေခံကျင့်ဝတ်အနေဖြင့် အမြဲစောင့်ထိန်းလိုက်နာပြီး လူနာများအပေါ်တွင် စေတနာ၊ အကြင်နာ၊ ဂရုဏာဖြင့် ကိုယ်ချင်းစာနာမှုများထားရှိဆောင်ရွက်ပေးသွားရန်လိုကြောင်း။

ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၏ အစဉ်အလာကောင်းများအား ဆက်လက်ထိန်းသိမ်းရေး မှာကြားရာတွင်-

· လူတိုင်းကျန်းမာစေရန်အတွက် “ကျန်းမာသောလူနေမှုပုံစံ (Healthy lifestyle)ဖြင့် နေထိုင်ခြင်း၊ “ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး(Exercise is Medicine) ဆောင်ပုဒ်နှင့်အညီ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်း”နှင့် “ရောဂါတစ်ခုချင်းစီအလိုက် ကာကွယ်ရေးနည်းလမ်းများကို လိုက် နာကျင့်သုံးခြင်း”စသည့် ကျန်းမာရေးပညာပေးလုပ်ငန်းများကို မဖြစ်မနေလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း။

· ရောဂါအသစ်အဆန်းများနှင့် တိုးတက်လာသော ဆေးသိပံ္ပ ပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးနေကြရမည်ဖြစ်ကြောင်းနှင့် တစ်ချိန်တည်းတွင် ဆေးပညာဖွံ့ဖြိုး တိုးတက်ရေးနှင့်ပတ်သက်၍ သုတေသနလုပ်ငန်းများကို လုပ်ဆောင်နေကြရမည်ဖြစ်ကြောင်း။

· မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂလူဦးရေဌာနမှ တွက်ချက်ရာတွင်  ၆၇.၇၈ နှစ်ရှိပြီး ၂၀၂၀ ပြည့်နှစ် မျှော်မှန်းသက်တမ်းသည် ကမ္ဘာ့အဆင့်တွင် ၁၅၁၊ အိမ်နီးချင်းနိုင်ငံများတွင် အဆင့် ၆၊ အာဆီယံနိုင်ငံများတွင် အဆင့် ၁၀ ရှိသဖြင့် အနိမ့်ဆုံးဖြစ်ကြောင်းနှင့် မျှော်မှန်းသက်တမ်းကို အခြေခံတွက်ချက် ရာတွင် ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်ဘဝ အခြေအနေ များ၊ ပညာသင်ကြားမှုအခြေအနေများ၊ လူမှုစီးပွားဘဝအခြေခံများ၊ လူနေမှုပုံစံများ၊ ကလေးသေဆုံးမှုနှုန်းများအပေါ်တွင် အဓိကထားတွက်ချက်ခြင်းဖြစ်ကြောင်း။

· မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်း တိုးမြှင့်နိုင်ရန်အတွက် စားသောက်မှု၊ နေထိုင်မှု၊ ပညာတတ်မြောက်မှု၊ စီးပွားရေး မြှင့်တင်နိုင်မှုများ ပြုပြင်ပြောင်းလဲမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

ပြည်သူလူထုအား ကျန်းမာရေးကာကွယ်စောင့်ရှောက် မှုနှင့်ပတ်သက်၍ ပြောကြားရာတွင်-

· တပ်မတော်၏ အဓိကလုပ်ငန်းတာဝန်ဖြစ်သည့် နိုင်ငံတော် ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းတာဝန်များကို ထမ်းဆောင်သည့်နေရာ တွင် မိမိတို့ရောက်ရှိတာဝန်ကျရာ နေရာဒေသတွင်ရှိသည့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအပြင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ကူညီဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။   

· မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ထိရောက်စွာဆောင် ရွက်ပေးနိုင်ရန်အတွက်  တပ်မတော်နယ်လှည့်ဆေးကုသရေး အဖွဲ့များစေလွှတ်ကုသပေးခြင်းဖြင့် နိုင်ငံတော်၏ ကျန်းမာရေးကဏ္ဍကို လိုအပ်သည့်နေရာများတွင် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း။

ဆေးဝန်ထမ်းတပ်ဖွဲ့များ၏ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ကုသဆောင်ရွက်ပေး ခဲ့မှုများနှင့်ပတ်သက်၍ ပြောကြားရာတွင်-   

· ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကုသရေးအတွက် အခက်အခဲများစွာနှင့် ကြုံတွေ့နေရသည့်အချိန်တွင် အချို့သော        ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများသည် သမားကောင်းကျင့်ဝတ်များကို မျက်ကွယ်ပြုကာ မိမိတို့တာဝန်ကျရာဆေးရုံ၊ ဆေးပေးခန်းများကို စွန့်ခွာသွားကြသည့် ဂုဏ်သိက္ခာမဲ့လုပ်ရပ်များကြောင့် လူနာများမနိုင်မနင်းဖြစ် ကာ အသက်မဆုံးရှုံးသင့်သူများ ဆုံးရှုံးရမှုများဖြစ်ပွားခဲ့ရသည်ကို မြင်တွေ့ခဲ့ရမည်ဖြစ်ကြောင်းနှင့် အဓိကဆုံးရှုံးနစ် နာရသူများသည် သာမန်ပြည်သူလူထုများသာ ဖြစ်ကြောင်း။

· ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ တပ် မတော်သား ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့မှုကြောင့် ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပွားမှုကို ထိန်းချုပ်ဆောင်ရွက်နိုင်ခဲ့ကြောင်း။

· ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးတွင် အရေးကြီးဆုံးလုပ်ငန်းဖြစ်သည့် ကာကွယ်ဆေးထိုးနှံပေးရေးလုပ် ငန်းအတွက် ရောဂါကာကွယ်ဆေး (Dose) ၄၂ သန်းကျော် ရရှိအောင် ဆောင်ရွက်ခဲ့ပြီး ကာကွယ်ဆေးထိုးနှံမှုကို ယခု လအကုန်တွင် နိုင်ငံ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်ထိ ထိုးနှံပေးနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိ ကြောင်း။

နိုင်ငံတကာဆေးတပ်ဖွဲ့များနှင့် ရင်ပေါင်တန်း ပါဝင်ဆောင်ရွက်မှုနှင့်ပတ်သက်၍ ပြောကြားရာတွင်-  

· လက်ရှိအချိန်တွင် တပ်မတော်ဆေးတက္ကသိုလ်သည် ကမ္ဘာ့ ဆေးပညာသင်ကြားရေးအဖွဲ့အစည်း (World Federation for Medical Education-WFME)၏ အသိအမှတ်ပြုစာရင်း တွင် ပါဝင်ပြီးဖြစ်သလို နိုင်ငံတကာသင်ရိုးညွှန်းတမ်းများ နှင့်အညီ ဆေးပညာရပ်များကို သင်ကြားပေးလျက်ရှိ ကြောင်း။

· ဆေးသိပ္ပံပညာရပ်သည် ခက်ခဲသည့် ပညာရပ်တစ်ခုဖြစ်သည့်အတွက် သင်ထောက်ကူပစ္စည်းပြည့်စုံမှု၊ သင်ယူသူများ၏စိတ်ပါဝင်စားမှုနှင့် ထိုးထွင်းဉာဏ်ပြည့်ဝမှု စသည်များပြည့်စုံမှသာ အရည်အချင်းနှင့် အရည်အသွေးပြည့်ဝသည့် တပ်မတော်သားဆရာဝန်ကောင်းများ ထွက်ပေါ်လာမည်ဖြစ်ကြောင်း။

· နိုင်ငံတကာဆေးတပ်ဖွဲ့များ၏ စွမ်းဆောင်ရည်များကို လေ့ လာအကဲခတ်ပြီး အခြားနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်အောင် မိမိတို့၏ပညာရပ်ပိုင်းဆိုင်ရာနှင့် ပတ်သက်ပါက တိုးတက်သင်ယူချင်စိတ်မွေး၍ မလျှော့သောဇွဲလုံ့လနှင့် ကြိုးစားကြရမည်ဖြစ်ကာ မိမိတို့တတ်ကျွမ်းသည့် ဆေး ပညာရပ်များကို လက်တွေ့နယ်ပယ်တွင် ကောင်းမွန်စွာအသုံးချပြီး နိုင်ငံတော်နှင့် တပ်မတော်အတွက် “သမားဇာနည် အောင်စစ်သည်များ”ဖြစ်အောင်ကြိုးစားသွားကြရန်လိုကြောင်း။

ခေါင်းဆောင်မှုနှင့် စိတ်ဓာတ်ခံယူချက်ကောင်းမွန်ရေး နှင့်ပတ်သက်၍ ပြောကြားရာတွင်-

· တပ်မတော်သားဆရာဝန် ခေါင်းဆောင်ငယ်များအနေဖြင့် မိမိတို့လက်အောက်ငယ်သားများကို ကွပ်ကဲအုပ်ချုပ်ရာတွင် မိမိကိုယ်တိုင် ကိုယ်ကျင့်တရားကောင်းမွန်ပြီး မှန်ကန်သည့် ပြောဆိုနေထိုင်မှု၊ မျှတသည့်အမိန့်ပေးမှု၊ စိတ်ရင်းစေတနာကောင်းမွန်မှု၊ မိမိကိုယ်တိုင် အမိန့်နာခံမှုနှင့် စည်းကမ်းကောင်းမွန်မှု၊ တာဝန်သိမှုနှင့် တာဝန်ယူမှု၊ ရဲရင့် ပြတ်သားသည့် ဆုံးဖြတ်ချက်ချမှတ်နိုင်မှုစသည့် ခေါင်း ဆောင်ကောင်းတစ်ယောက်၏ အရည်အချင်းကို အသုံးပြုပြီး ကွပ်ကဲအုပ်ချုပ်ကြရမည်ဖြစ်ကြောင်း။

· မိမိဘဝအောင်မြင်တိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အဓိကလိုအပ်ချက်သည် ရောင့်ရဲတင်းတိမ်စိတ်နှင့် တိုးတက်အောင်မြင်အောင် ရိုးရိုးသားသား ကြိုးစားဆောင် ရွက်လိုစိတ်မွေးမြူခြင်းပင်ဖြစ်ပြီး ရောင့်ရဲတင်းတိမ်စိတ်သည် လူတစ်ဦးကို မတော်လောဘစိတ်များမဖြစ်စေရန် တားမြစ်နိုင်ပြီး ရိုးဂုဏ်သည် လူတစ်ဦးကို ထာဝရတန်ဖိုးရှိနေစေမည်ဖြစ်သည်ကို မမေ့မလျော့ကြရန်လိုကြောင်း။

· အသိတရား၊ သတိတရားလက်ကိုင်ထားပြီး မိမိတို့၏ကောင်းမွန်သည့် အလေ့အကျင့်ကောင်းများကို အသုံးချကာ မိမိတို့တာဝန်ထမ်းဆောင်သည့် တပ်၊ တပ်မတော်၊ ဒေသနှင့် တိုင်းပြည်အကျိုးစီးပွားတိုးတက်အောင် တာဝန် ကျေပွန်စွာ ထမ်းဆောင်ကြရန်နှင့် နိုင်ငံတော်နှင့် တပ်မတော် အပေါ် သစ္စာစောင့်သိသွားရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

    စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်းများကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။

  • လူတိုင်းကျန်းမာစေရန်အတွက် “ကျန်းမာသောလူနေမှုပုံစံ (Healthy lifestyle)ဖြင့် နေထိုင်ခြင်း၊ “ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး(Exercise is Medicine) ဆောင်ပုဒ်နှင့်အညီ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်း”နှင့် “ရောဂါတစ်ခုချင်းစီအလိုက် ကာကွယ်ရေး နည်းလမ်းများကို လိုက်နာကျင့်သုံးခြင်း”စသည့် ကျန်းမာရေးပညာပေးလုပ်ငန်းများကို မဖြစ်မနေလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း။
  • ရောဂါအသစ်အဆန်းများနှင့် တိုးတက်လာသော ဆေးသိပံ္ပပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးနေကြရမည် ဖြစ် ကြောင်းနှင့် တစ်ချိန်တည်းတွင် ဆေးပညာဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ သုတေသနလုပ်ငန်းများကို လုပ်ဆောင် နေကြရမည်ဖြစ်။
  • မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ထိရောက်စွာ ဆောင် ရွက်ပေးနိုင်ရန်အတွက် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့များ စေလွှတ်ကုသပေးခြင်းဖြင့် နိုင်ငံတော်၏ ကျန်းမာရေး ကဏ္ဍကို လိုအပ်သည့်နေရာများတွင် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ။
  • အချို့သော ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများသည် သမားကောင်းကျင့်ဝတ်များကို မျက်ကွယ်ပြုကာ မိမိတို့တာဝန်ကျရာဆေးရုံ၊ ဆေးပေးခန်းများကို စွန့်ခွာသွားကြသည့် ဂုဏ်သိက္ခာမဲ့လုပ်ရပ်များကြောင့် လူနာများ မနိုင်မနင်းဖြစ်ကာ အသက်မဆုံးရှုံးသင့်သူများ ဆုံးရှုံးရမှုများဖြစ်ပွားခဲ့ရ။
  • လက်ရှိအချိန်တွင် တပ်မတော်ဆေးတက္ကသိုလ်သည် ကမ္ဘာ့ဆေးပညာသင်ကြားရေးအဖွဲ့အစည်း (World Federation for Medical Education-WFME)၏ အသိအမှတ်ပြုစာရင်းတွင် ပါဝင်ပြီးဖြစ်သလို နိုင်ငံတကာသင်ရိုး ညွှန်းတမ်းများနှင့်အညီ ဆေးပညာရပ်များကို သင်ကြားပေးလျက်ရှိ။