စေတုတ္တရာမြို့နယ်အတွင်း ဆရာတော်၊ သီလရှင်များနှင့် အရပ်သားပြည်သူများ လိုက်ပါ လာသည့် မော်တော်ယာဉ်များနှင့် မော်လမြိုင်-ရန်ကုန်သွား မီးရထားလမ်းအား KNLA နှင့် PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲပစ်ခတ်တိုက်ခိုက်    

            

တပ်မတော်အနေဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် ငလျင်ဘေးဒဏ်ကြောင့် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန် ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို  ထုတ်ပြန်ထားပြီးဖြစ်သော်လည်း KNLA အဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် ပြည်သူများလွတ်လပ်စွာလှုပ်ရှား သွားလာခြင်း၊ သင်္ကြန်ရုံးပိတ်ရက်ကာလများအတွင်း အလှူအတန်းများ ပြုလုပ်ရန် ပြင်ဆင်နေခြင်း များအပေါ် လက်ခံနိုင်ခြင်းမရှိဘဲ ဆင်ခြင်တုံတရားကင်းမဲ့စွာ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်ဘက်ခရီးသွား မော်တော်ယာဉ်များအား မိုင်းထောင်ဖောက်ခွဲ ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

  • ဧပြီလ ၃ ရက်တွင် မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်၊ အောင်နိုင်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တ သီဟနန္ဒ ဦးဆောင်၍ သံဃာတော် ၁ ပါး၊ သီလရှင် ၁ ပါး၊ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၉ ဦးတို့သည် မကွေးမြို့သို့ ဘုန်းတော်ကြီးကျောင်းအလှူကိစ္စ ဆောင်ရွက်ရန်အတွက် လိုအပ်သော ဈေးပစ္စည်းများ သယ်ဆောင်ရန် မော်တော်ယာဉ် ၂ စီးဖြင့် စေတုတ္တရာ-ငဖဲ-ပဒါန်း-မင်းဘူး-မကွေး သွားကားလမ်းအတိုင်း ပြန်လည်ထွက်ခွာလာစဉ် အကြမ်း ဖက်သောင်းကျန်းသူများက လက်လုပ်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ရာ ယာဉ်များပေါ်တွင် လိုက်ပါလာသည့် အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီး ဆရာတော် ၁ ပါး၊ သီလရှင် ၁ ပါးနှင့် အမျိုးသမီး ၇ ဦး ပြင်းထန်းသော ထိခိုက်ဒဏ်ရာများရရှိခဲ့။

 

  • ဧပြီလ ၅ ရက်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့၏ အနောက်မြောက်ဘက် မီတာ ၁၁၀၀၀ ခန့်အကွာရှိ မိုင်တိုင်အမှတ် (၁၀၇/၉) နှင့် မိုင်တိုင်အမှတ် (၁၀၇/၁၀) ကြား အရှည်ပေ ၄၀ ရှိ သံဘောင်အမျိုးအစား တံတား အမှတ်(၅၉)နေရာ မော်လမြိုင်- ရန်ကုန်သွား မီးရထား လမ်းအား ဒေသန္တရ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲခဲ့ရာ တံတားအောက်ခြေတိုင် ၂ ပေခွဲ ခန့် ကွဲအက် ပျက်စီးခဲ့။

ငလျင်ဘေးဒဏ်ကြောင့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်နေသည့်ကာလအတွင်းတွင် ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော နေရာများ၌ အကြမ်းဖက်လုပ်ဆောင်ခြင်းများသည် ပြည်သူများအား ပိုမိုအထိတ်တလန့်ဖြစ်ပြီး ကြောက်ရွံ့လာစေရန်၊ သွားလာမှုခက်ခဲစေရန်နှင့် ကုန်စည်စီးဆင်းမှုကို ထိခိုက်ဆုံးရှုံးမှုဖြစ်စေပြီး တည်ငြိမ်မှုပျက်ပြားစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းများဖြစ်သဖြင့်  အကြမ်းဖက်သောင်းကျန်း သူများအား ဝိုင်းဝန်းကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် နယ်မြေလုံခြုံရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၄-၂၀၂၅)

 

 

  • စေတုတ္တရာမြို့နယ်အတွင်း ဆရာတော်၊ သီလရှင်များနှင့်  အရပ်သားပြည်သူများ လိုက်ပါလာ သည့် မော်တော်ယာဉ်များအား အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲ ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၄ ဦးသေဆုံးပြီး ဆရာတော် ၁ ပါး၊ သီလရှင် ၁ ပါးနှင့် အပြစ်မဲ့ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့။
  • မော်လမြိုင်-ရန်ကုန်သွား မီးရထားလမ်းအား KNLA အဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ရာ တံတား အောက်ခြေတိုင် ၂ ပေခွဲ ခန့် ကွဲအက် ပျက်စီးခဲ့။

 

 

 

Add new comment