လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုများအား ပြတ်တောက်စေရန် ရည်ရွယ်ချက်ဖြင့် PDF အမည်ခံအကြမ်းဖက်သမားများက တညောင်ဓာတ်အားခွဲရုံအား ပစ်ခတ်တိုက်ခိုက်

ငလျင်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ရပြီး နိုင်ငံတော်အစိုးရအနေဖြင့် လျှပ်စစ်ဓာတ်အားများ အမြန်ဆုံး ပြန်လည်ပို့လွှတ် ဖြန့်ဖြူးပေးနိုင်ရေး အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ဒုက္ခရောက်နေသည့် ပြည်သူများအား  ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက အခွင့်ကောင်းယူ၍ အဖျက်အမှောင့် အနှောင့်အယှက်လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိပါသည်။

မတ်လ ၃၁ ရက်တွင် PDF အမည်ခံအကြမ်းဖက်သမားများက  မကွေးတိုင်းဒေသကြီး၊ စလင်းမြို့ရှိ တညောင်ဓာတ်အားခွဲရုံစက်ရုံမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။

အကြမ်းဖက် NUG အဖွဲ့၏လက်အောက်ခံ အကြမ်းဖက်သမား PDF များသည် တစ်နိုင်ငံလုံးရှိ ပြည်သူများ  ငလျင်ဘေးဒဏ်ကြောင့် ဒုက္ခအတိရောက်နေချိန်တွင် ပြည်သူပြည်သားအချင်းချင်း တက်နိုင်သ‌‌ရွေ့ ရိုင်းပင်းကူညီစောင့်‌ရှောက်မှု စိုးစိမျှမရှိသည့်အပြင် ကာကွယ်စောင့်ရှောက်သူများ ကိုပင် ယုတ်ညံ့သည့် စိတ်ဓာတ်ဖြင့် နည်းမျိုးစုံအဖျက်အမှောင့်များ ပြုလုပ်နေသည့်အတွက် ရက်စက်ယုတ်မာသော အကြမ်းဖက်သမားများအား ပြည်သူလူထုမှအလွန်ရွံရှာမုန်းတီးလျက်ရှိ ကြောင်းနှင့် အဆိုပါအကြမ်းဖက်အဖွဲ့များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သောတုံ့ပြန်မှုများ ဆောင်ရွက်နိုင်ရန်အတွက် လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၄-၂၀၂၅)

 

 

  • လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုများအား ပြတ်တောက်စေရန် ရည်ရွယ်ချက်ဖြင့် PDF အမည်ခံအကြမ်းဖက်သမားများက စလင်းမြို့နယ်ရှိ စစ်ရေးနှင့်မသက်ဆိုင်သော တညောင်ဓာတ်အားခွဲရုံအား လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့။

Add new comment