CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်နိုင်ငံတော် အစိုးရ၏ပညာရေးစနစ်ကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် တရားမဝင် ဆေးတက္ကသိုလ် (မန္တလေး)မှ ယာယီဆေးပညာဘွဲ့လက်မှတ်(အတု)များပြုလုပ်ကာ ပြည်ပတက္ကသိုလ်များတွင် ပညာသင်ကြားနိုင်သည်ဟု မက်လုံးများပေး၍ လိမ်လည်ဆောင်ရွက်လျက်ရှိရာ ၎င်းတို့အပေါ် ယုံကြည်ခဲ့သည့် ကျောင်းသား/ကျောင်းသူများသည် ပြည်ပတက္ကသိုလ်များ၌ ပညာသင်ကြားရန် လျှောက်ထားရာတွင် စာရွက်စာတမ်းများ၊ ဘွဲ့လက်မှတ်များမှာ တရားဝင်မှုမရှိသောကြောင့် သက်ဆိုင်ရာတက္ကသိုလ်များမှ လက်မခံသည့်အတွက် ကျောင်းတက်ရောက်ရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိပါသည်။
NUG အဖွဲ့လက်အောက်ခံ တရားမဝင်ဆေးတက္ကသိုလ်(မန္တလေး)၊ ယာယီတက္ကသိုလ် ကောင်စီနာယက သစ္စာမဲ့ဝန်ထမ်း(Disloyal Civil Servant-DCS) ဖြစ်သူ ခင်မောင်လွင် (ဆေးတက္ကသိုလ်- မန္တလေး၊ ပါမောက္ခချုပ်အဖြစ်မှထုတ်ပယ်ခံထားရသူ)မှ တရားမဝင်ထုတ်ပေးခဲ့ သည့် ယာယီဆေးပညာဘွဲ့လက်မှတ်(အတု)ဖြင့် ဒူဘိုင်းမြို့တွင် ဆက်လက်ပညာသင်ကြားရန် အတွက် တရားမဝင်လျှောက်ထားခဲ့သည့် ကေဇင်ထွန်း အား ၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်တွင် ဒူဘိုင်းမြို့ရှိ The Data flow Group Company မှ သံသယရှိသဖြင့် ယာယီဆေးပညာဘွဲ့ လက်မှတ်အား အတည်ပြုပေးနိုင်ရန် မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်(မန္တလေး) သို့ အကြောင်းကြား လာခဲ့ပါသည်။ တာဝန်ရှိသူများမှ စိစစ်ခဲ့ရာ ယာယီဆေးပညာဘွဲ့လက်မှတ်(အတု)ဖြစ်ကြောင်း သိရှိရပါသည်။
ကေဇင်ထွန်း၏ ယာယီဆေးပညာဘွဲ့လက်မှတ်(အတု)ပြုလုပ်ပေးခဲ့မှုနှင့်ပတ်သက်၍ စိစစ်ရန် အတွက် ၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ အောင်၊ ရွှေပြည်အောင်နှင့် လပြည့်ဝန်း Notary ဆိုင်ပိုင်ရှင်များဖြစ်ကြသည့် အေးသီတာ၊ ရှေ့နေ လှဝင်းနှင့် ဇာနည်လွင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့်ဥပဒေရေးရာဦးစီးဌာန၊ Notary ဌာနစိတ် (ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူး အောင်ကျော်မိုး၊ Notary ဌာနစိတ်(ရန်ကုန်)မှ ရုံးအုပ် များဖြစ်ကြသော နိုင်နိုင်လတ်နှင့် မောင်မောင်ချစ်စန်းဦးနှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ Angel Online Notary Service လုပ်ကိုင်သူ အိလဲ့လဲ့ထွန်းတို့ ၇ ဦးတို့အား ထိန်းသိမ်း ဆောင်ရွက်ခဲ့ပါသည်။
၎င်းတို့၏စိစစ်ရရှိချက်များအရ -
- ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ကေဇင်ထွန်းမှ အိလဲ့လဲ့ထွန်း (Angel Online Notary Service)အား ဆက်သွယ်၍ NUG အဖွဲ့လက်အောက်ခံ တရားမဝင် ဆေးတက္ကသိုလ် (မန္တလေး)မှ ယာယီဆေးပညာဘွဲ့လက်မှတ်(အတု)အား Notary(သက်သေခံချက်) ပြုလုပ် ပေးရန် ငွေကြေးပေး၍ စေခိုင်းခဲ့ကြောင်း။
- အိလဲ့လဲ့ထွန်းမှ ကေဇင်ထွန်း၏ဘွဲ့လက်မှတ်(အတု)အား Notary (သက်သေခံချက်)ပြုလုပ် ရန်နှင့် Notary ဌာနစိတ်(ရန်ကုန်)မှ ထပ်ဆင့်လက်မှတ်ရရှိရန် ဇာနည်လွင် (လပြည့်ဝန်း Notary ဆိုင်ပိုင်ရှင်)အား ငွေကြေးပေး၍ ထပ်မံစေခိုင်းခဲ့ကြောင်း။
- ဇာနည်လွင်သည် ၎င်း Notary (သက်သေခံချက်)(အတု)အား ရှေ့နေ လှဝင်း(ရွှေပြည်အောင် Notary ဆိုင်ပိုင်ရှင်)ထံသို့ ငွေကြေးပေး၍ ရှေ့နေလက်မှတ်ရေးထိုးစေခဲ့ပြီး အေးသီတာ (အောင် Notary ဆိုင်ပိုင်ရှင်)နှင့်ချိတ်ဆက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထပ်ဆင့်လက်မှတ် ရရှိနိုင်ရန် ငွေကြေးပေး၍ စေခိုင်းခဲ့ကြောင်း။
- အေးသီတာသည် ၎င်း Notary(သက်သေခံချက်)(အတု)အား နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုတြီဌာနစိတ် (ရန်ကုန်)တွင် လက်မှတ်ရေးထိုးနိုင်ရန် ပွဲစား ခိုင်ခိုင်(ထွက်ပြေးတိမ်းရှောင်) အား ငွေကြေးပေး၍ စေခိုင်းခဲ့ကြောင်း။
- ပွဲစား ခိုင်ခိုင်(ထွက်ပြေးတိမ်းရှောင်)သည် ကေဇင်ထွန်း၏Notary(သက်သေခံချက်) (အတု) အား Notary ဌာနစိတ်(ရန်ကုန်)မှ ထပ်ဆင့်လက်မှတ်ရရှိရန် ရုံးအုပ် မောင်မောင်ချစ်စန်းဦး နှင့် ရုံးအုပ် နိုင်နိုင်လတ်တို့အား ငွေကြေးပေး၍ ဆောင်ရွက်စေခဲ့ကြောင်း။
- ၎င်းတို့မှတဆင့် အဆိုပါNotary(သက်သေခံချက်)(အတု)အား ဒုတိယညွှန်ကြားရေးမှူး အောင်ကျော်မိုး ထံသို့ ဆက်လက်တင်ပြခဲ့ပြီး အောင်ကျော်မိုးမှ ငွေကြေးရယူ၍ ၎င်း Notary (သက်သေခံချက်)(အတု)အား လက်မှတ်ရေးထိုးပေးခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။
NUG အဖွဲ့ လက်အောက်ခံ တရားမဝင်ဆေးတက္ကသိုလ်(မန္တလေး)၊ ယာယီတက္ကသိုလ် ကောင်စီမှ ထုတ်ပေးခဲ့သည့် တရားမဝင် ယာယီဆေးပညာဘွဲ့လက်မှတ်အတုဖြင့် UAE နိုင်ငံ၊ ဒူဘိုင်းမြို့တွင် ဆက်လက်ပညာသင်ကြားရန် လျှောက်ထားသည့် ကေဇင်ထွန်းအား Black List ရေးသွင်း၍ ဖော်ထုတ်ဖမ်းဆီးကာ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွား မည်ဖြစ်ပြီး ၎င်း၏ ယာယီဆေးပညာဘွဲ့လက်မှတ်(အတု)အား Notary(သက်သေခံချက်) ပြုလုပ် ပေးခဲ့သူ ၇ ဦးနှင့် ထွက်ပြေးတိမ်းရှောင်နေသူ ပွဲစား ခိုင်ခိုင်တို့အား ထိရောက်စွာအရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၃-၂၀၂၅)
- NUG အဖွဲ့လက်အောက်ခံ တရားမဝင် ဆေးတက္ကသိုလ် (မန္တလေး)မှ ယာယီဆေး ပညာဘွဲ့လက်မှတ်(အတု)ဖြင့် UAE နိုင်ငံ၊ ဒူဘိုင်းမြို့တွင် ဆက်လက်ပညာ သင်ကြားရန် ဆောင်ရွက်ခဲ့ကြသည့် တရားခံ ၇ ဦးအား ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကေဇင်ထွန်း နှင့် ပွဲစား ခိုင်ခိုင်တို့အား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးဆောင်ရွက်လျက်ရှိ။
Add new comment