မြန်မာနိုင်ငံသို့ ဘုရားဖူးခရီးစဉ်ရောက်ရှိပြီး နေပြည်တော်ရှိ KMA Hotel ၌ ခေတ္တသီတင်းသုံး တော်မူလျက်ရှိသည့် ကမ္ဘောဒီးယားနိုင်ငံ၏ အဓိပတိဆရာတော်ကြီးတစ်ပါးဖြစ်သော His Holiness Samdech Preah Abhisiri Sugandha Mohasangharajah Dhipadi Dr. Bour Kry ဦးဆောင်သည့် ဆရာတော်၊ သံဃာတော်များအား ဖေဖေါ်ဝါရီလ ၄ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အဖွဲ့ဝင်များနှင့်အတူ သွားရောက် ဖူးမြော်ကြည်ညိုခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် ကမ္ဘော ဒီးယားနိုင်ငံ၏ အဓိပတိဆရာတော်ကြီးနှင့်အဖွဲ့ဝင်များအား ဖူးမြော်ကြည်ညိုပြီးနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- သာသနာတော်ထွန်းကားပြန့်ပွားရေးဆိုင်ရာများနှင့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား တည်ထားကိုးကွယ်ခဲ့သည့် အခြေအနေများ။
- သာသနာတော်ဆိုင်ရာကိစ္စရပ်များကို ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် မြန်မာနိုင်ငံအနေဖြင့် ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးဆိုင်ရာများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို လျှောက်ထားတင်ပြခဲ့။
ကမ္ဘောဒီးယားနိုင်ငံ၏ အဓိပတိဆရာတော်ကြီးက မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံသည် ထေရဝါရဗုဒ္ဓဘာသာ ကိုးကွယ်မှုတွင်တူညီကြပြီး မြန်မာနိုင်ငံရှိ ဗုဒ္ဓတက္ကသိုလ်များတွင် နိုင်ငံတကာမှ စာသင်သားရဟန်းများ လာရောက်၍ သင်ယူနေမှုများတွက်လည်း မြန်မာနိုင်ငံအတွက် ဝမ်းမြောက် ဂုဏ်ယူကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံသူ မြန်မာနိုင်သားအားလုံး ကျန်းမာချမ်းသာကြစေကြောင်းနှင့် မြန်မာနိုင်ငံကြီး တည်ငြိမ်အေးချမ်းပြီး သာယာဝပြောစေကြောင်းဖြင့် ဆုတောင်းစကား ပြန်လည်မိန့်ကြားတော်မူပြီးနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကမ္ဘောဒီးယားနိုင်ငံ၏ အဓိပတိဆရာတော်ကြီး ထံသို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ပုံစံတူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်နှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
အဆိုပါ ကမ္ဘောဒီးယားနိုင်ငံ၏ အဓိပတိဆရာတော်ကြီးနှင့် အဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ရန်ကုန်မြို့သို့ရောက်ရှိခဲ့ပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် သာသနိက အဆောက်အဦများနှင့် သာသနာတော်ဆိုင်ရာများကို သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြကာ ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးတို့ကို သွားရောက်ဖူးမြော်လေ့လာကြည်ညိုခဲ့ကြကြောင်းနှင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် အတွင်း တန်ခိုးကြီးဘုရားစေတီပုထိုးများကို ဆက်လက်ဖူးမြော်ကြည်ညိုသွားမည်ဖြစ်ကြောင်း သိရှိ ရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၂-၂၀၂၅)
- မြန်မာနိုင်ငံသို့ ဘုရားဖူးခရီးစဉ်ရောက်ရှိနေသည့် ကမ္ဘောဒီးယားနိုင်ငံ၏ အဓိပတိဆရာတော်ကြီး တစ်ပါးဖြစ်သော Dr. Bour Kry ဦးဆောင်သည့် ဆရာတော်၊ သံဃာတော်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သွားရောက်ဖူးမြော်ကြည်ညိုပြီး သာသနာတော်ထွန်းကားပြန့်ပွားရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ လျှောက်ထားတင်ပြခဲ့။
Add new comment