ရုရှားဖက်ဒရေးရှင်းနိုင်ငံ Kalmykia ပြည်နယ်အကြီးအကဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်နှင့် ရန်ကုန်မြို့များရှိ တန်ခိုးကြီးဘုရားများသို့ သွားရောက်ဖူးမြော်

         ရုရှားဖက်ဒရေးရှင်းနိုင်ငံ Kalmykia ပြည်နယ်အကြီးအကဲ Mr. Batu Sergeyevich Khassikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလ ၈ ရက်တွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန် မြို့သို့ ရောက်ရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့် တိုင်းရင်းသား၊ တိုင်းရင်းသူများက နှစ်နိုင်ငံအလံများ ဝှေ့ယှမ်း၍ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။

          ရုရှားဖက်ဒရေးရှင်းနိုင်ငံ Kalmykia ပြည်နယ်အကြီးအကဲဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဒီဇင်ဘာလ ၉ ရက်နှင့် ၁၀ ရက်တို့တွင်-

  • ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုစဉ် ရွှေတိဂုံစေတီတော်မြတ် ကြီးရှိ သမိုင်းအချက်အလက်နှင့် ဘုရားဖူးလမ်းညွှန်၊ သာသနိကအဆောက်အဦများ၊ ဗုဒ္ဓ ပြတိုက်နှင့် ဓာတ်ပုံပြခန်းတို့ကို ကြည့်ရှုလေ့လာခဲ့။
  • အမျိုးသားပြတိုက်၊ မြို့တော်ခန်းမ၊ ဝန်ကြီးများရုံး၊ ကန်တော်ကြီးနှင့် ကရဝိတ်စသည့် ရန်ကုန်မြို့၏ အထင်ကရနေရာများကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုကြကာ မြန်မာ့ကျောက်မျက်ပြတိုက်အရောင်းဆိုင်များကို သွားရောက်ကြည့်ရှုလေ့လာခဲ့။
  • နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဆရာတော်ကြီးများအား ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်သံဃမဟာနာယက ဘုရား ခန်း၌ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ပြီး ဓမ္မပဏ္ဏာနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်က ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ရှုခင်းပုံကျောက်စီပန်းချီကားကို ဓမ္မပဏ္ဏာအဖြစ် ပေးအပ်ခဲ့။
  • နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို၍ အလှူငွေများ လှူဒါန်းခဲ့ပြီး ရတနာဆင်ဖြူတော်အဆောင်ရှိ ဆင်ဖြူတော်များကို အာဟာရဖြည့်စွက်စာများ ကျွေးမွေးခဲ့။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်ကြီးထံ Kalmykia ပြည်နယ်အကြီးအကဲက မိမိတို့ပြည်နယ်သည် ဗုဒ္ဓဘာသာပြန့်ပွားရေးဆောင်ရွက်သည့် ပြည်နယ်တစ်ခုဖြစ်ပြီး ဗုဒ္ဓဘာသာ ထွန်းကားကြောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်ကြီးအား ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် ဗုဒ္ဓဘာသာဖိုရမ်သို့ ပင့်ဖိတ်လိုကြောင်းနှင့် ဗုဒ္ဓဘာသာထွန်းကားရေးအတွက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း ဆွေးနွေးလျှောက် ထားခဲ့ပါသည်။ ကိုယ်စားလှယ်အဖွဲ့အား ဒီဇင်ဘာလ ၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းကလည်းကောင်း၊ ဒီဇင်ဘာလ ၁၀ ရက်တွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်ကလည်း ကောင်း အသီးသီး ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၁၂-၂၀၂၄)

  • ရုရှားဖက်ဒရေးရှင်းနိုင်ငံ Kalmykia ပြည်နယ်အကြီးအကဲဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်နှင့် ရန်ကုန်မြို့များရှိ တန်ခိုးကြီးဘုရားများသို့ သွားရောက်ဖူးမြော်ခဲ့ပြီး ရန်ကုန် မြို့၏ အထင်ကရနေရာများသို့ လှည့်လည်ကြည့်ရှုလေ့လာခဲ့။

Add new comment