နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိ သဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကိုယ်တိုင်ပါဝင်ထမ်းဆောင်နိုင်ရေး အတွက် မိမိသဘောဆန္ဒအလျောက် စာရင်းပေးသွင်းပြီး သင်တန်းတက်ရောက်လျက်ရှိပါသည်။
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၅) သင်တန်းဆင်းပွဲအခမ်းအနားများကို နိုဝင်ဘာလ ၂၉ ရက်တွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းများအသီးသီး၌ ကျင်းပပြု လုပ်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
သင်တန်းဆင်းပွဲတွင် သက်ဆိုင်ရာသင်တန်းကျောင်းအလိုက် ကျောင်းအုပ်ကြီးများက သင်တန်း ဆင်းထူးချွန်ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ညပိုင်းတွင် သင်တန်းကျောင်းအသီးသီး၌ ပြည်သူ့ စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၅) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲများကို ပြုလုပ်ခဲ့ပါသည်။
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၅) ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလအတွင်း ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ ခြေလျင် လက်နက်ငယ်ဘာသာရပ်နှင့် စစ်နည်းဗျူဟာဘာသာရပ်များကို စာတွေ့၊ လက်တွေ့ စနစ်တကျ သင်ကြားလေ့ကျင့်ပေးခဲ့သည့်အပြင် စစ်မြေပြင်အင်ဂျင်နီယာဘာသာရပ်၊ စစ်မြေပြင်အုပ်ချုပ်ရေး ဘာသာရပ်နှင့် အထွေထွေဘာသာရပ်များကိုလည်း ရက်သတ္တပတ်အလိုက် အဆင့်ဆင့်လေ့ကျင့် သင်ကြားပေးခဲ့ပါသည်။
သင်တန်းဆင်းခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းစစ်သည်များသည်လည်း အဖွဲ့အစည်းဖြင့် စည်းစနစ်ကျစွာ လုပ်ကိုင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်များရရှိခဲ့ပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ အဖွဲ့အစည်းစိတ်၊ ရဲဘော်ရဲဘက်စိတ်အပြည့်ဖြင့် တာဝန်ကျရာ တပ်ရင်း တပ်ဖွဲ့အသီးသီးသို့ သွားရောက်၍ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာ ထမ်းဆောင်ကြတော့မည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၁၁-၂၀၂၄)
- ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၅) သင်တန်းဆင်းပွဲများကို နိုဝင်ဘာလ ၂၉ ရက်တွင် တိုင်းစစ်ဌာနချုပ်အသီးသီးရှိ နယ်မြေခံသင်တန်းကျောင်းများ၌ ကျင်းပပြုလုပ်ခဲ့။
- သင်တန်းဆင်းခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းစစ်သည်များသည်လည်း တာဝန်ကျရာ တပ်ရင်းတပ်ဖွဲ့အသီးသီးသို့ သွားရောက်၍ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဂုဏ်ယူစွာ ထမ်းဆောင်ကြတော့မည်ဖြစ်။
Add new comment