ဖမ်းဆီးရမိသည့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းလုပ်ကိုင်သော တရုတ်နိုင်ငံသားတရားခံများအား လွှဲပြောင်းပေးအပ်

မြန်မာ-တရုတ်နှစ်နိုင်ငံအကြား တရားဥပဒေစိုးမိုးရေးနှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ တိုက်ဖျက်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တရုတ်နိုင်ငံပြည်သူ့လုံခြုံ ရေးဆိုင်ရာဝန်ကြီးဌာနတို့ သတင်းဖလှယ်ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း မူဆယ်မြို့ပေါ်တွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများလုပ်ကိုင် လျက်ရှိသော ဒုစရိုက်သမား တရုတ်နိုင်ငံသား တရားခံပြေး ၄၅ ဦး ပါ တရုတ်နိုင်ငံသား စုစုပေါင်း ၃၁၃ ဦးနှင့် မြန်မာနိုင်ငံသား တရားခံ ၅၅၇ ဦး၊ စုစုပေါင်း တရားခံ ၈၇၀ ဦးတို့နှင့် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများ လုပ်ကိုင်ရာတွင်အသုံးပြုသည့် သက်သေခံပစ္စည်းများဖြစ်သော ကွန်ပျူတာဆက်စပ် ပစ္စည်းများ၊ လက်ကိုင်ဖုန်းများနှင့် Scam စက်များအား ဖော်ထုတ်သိမ်း ဆည်းရမိခဲ့ပါသည်။
အဆိုပါဖမ်းဆီးရမိသော တရုတ်နိုင်ငံသား စုစုပေါင်း ၃၁၃ ဦးတို့အား မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေများနှင့်အညီ အမှုဖွင့်အရေးယူထားပြီး ၎င်းတို့အား တရုတ်နိုင်ငံအနေဖြင့် ဆက်လက်အရေး ယူဆောင်ရွက်နိုင်ရေးအတွက် လုံလောက်သော အစောင့်အရှောက်များဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်တွင် ယူနန်ပြည်နယ်၊ ရွှေလီမြို့ရှိ နယ်စပ်ဝင်/ထွက်ပေါက်မှတစ်ဆင့် လုပ်ထုံးလုပ်နည်း နှင့်အညီ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၊ အွန်လိုင်း လောင်းကစားလုပ်ငန်းများ တားဆီးကာကွယ်တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများမှ တရား ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၁၀-၂၀၂၄)

• မူဆယ်မြို့ပေါ်တွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများလုပ်ကိုင်လျက်ရှိသော ဒုစရိုက်သမား တရုတ်နိုင်ငံသား တရားခံပြေး ၄၅ ဦး ပါ တရုတ်နိုင်ငံသား စုစုပေါင်း ၃၁၃ ဦးနှင့် မြန်မာနိုင်ငံသား တရားခံ ၅၅၇ ဦး၊ စုစုပေါင်း တရားခံ ၈၇၀ ဦးတို့အား အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများ လုပ်ကိုင်ရာတွင်အသုံးပြုသည့် သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ် သိမ်းဆည်းရမိခဲ့။
• တရုတ်နိုင်ငံအနေဖြင့် ဆက်လက်အရေးယူဆောင်ရွက်နိုင်ရေးအတွက် တရုတ်နိုင်ငံသား စုစုပေါင်း ၃၁၃ ဦးတို့အား လုံလောက်သော အစောင့်အရှောက်များဖြင့် ယူနန်ပြည်နယ်၊ ရွှေလီမြို့ရှိ နယ်စပ်ဝင်/ ထွက်ပေါက်မှတစ်ဆင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်နှင်လွှဲပြောင်း ပေးအပ်ခဲ့။

Add new comment