ရာဂိမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ရေလှောင်တမံ များတွင် ရေဝင်ရောက်မှုနှင့်ချောင်းများ၏ ရေစီးဆင်းမှုအခြေအနေ၊ ကျေးရွာချင်းဆက်လမ်း၊ တံတား များ၊ ကျေးလက်ရေပေးရေးလုပ်ငန်း ပျက်စီးဆုံးရှုံးမှုအခြေအနေများ၊ ဆက်သွယ်ရေးဖိုက်ဘာတိုင် များနှင့် ဓာတ်အားလိုင်းများ ပြိုလဲပျက်စီးဖြစ်ပေါ်ခဲ့မှုအခြေအနေ၊ ပျက်စီးသွားသည့် လမ်း၊ တံတား များ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု၊ ရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့သည့် အခြေခံပညာကျောင်းများ နှင့် ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများကို ပြည်ထောင်စုဝန်ကြီးများနှင့်တာဝန်ရှိသူများက ကွင်းဆင်းစီမံဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၂၆ ရက်မှ ၂၉ ရက်ထိ-
- စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးနစ်မြှုပ်မှု သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ခဲ့ သော သီးနှံစိုက်ခင်းများ ရာသီချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးနှင့်ရေကြီးနစ်မြှုပ်မှု ကင်းလွတ် ဧရိယာများရှိ သီးနှံများ အထွက်နှုန်းကောင်းမွန်စေရေးတို့အတွက် တပ်ကုန်းမြို့နယ် ရှားတော ကျေးရွာရှိ ရေတင်စက်ရုံ၊ ရေပေးမြောင်း၊ ရေသွင်းမြောင်းများနှင့် ရှားတော၊ ဂွေးပင်နှင့် ရေအေး ကျေးရွာတို့ရှိ မိုးစပါးအပါအဝင် သီးနှံစိုက်ခင်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့။
- ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တပ်ကုန်းမြို့နယ် အခြေခံ ပညာအလယ်တန်းကျောင်းများ၌ ကျောင်းအုတ်တံတိုင်းများအတွင်း ရေဝင်ရောက်မှု၊ စာသင် ဆောင်နှင့် ကျောင်းအတွင်း ရွှံ့ညွန်များ၊ အမှိုက်များဖယ်ရှားရှင်းလင်း၍ သန့်ရှင်းပြီးသော စာသင်ခန်းများအတွင်း စာသင်ကြားနေမှုအခြေအနေများ၊ ကျောင်းအတွင်း မီးလိုင်းပြတ် တောက်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့။
- ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် နေပြည်တော် ဇေယျသီရိမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ် တို့၌ ရေဘေးသင့်ပြည်သူများအား အထူးကုကွင်းဆင်းကုသမှုများအား ကြည့်ရှုအားပေးခဲ့။
- နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပျဉ်းမနားမြို့နယ် ဆင်သေကျေးရွာအတွင်း ရေကြီးရေလျှံမှုကြောင့် တင်ကျန်ခဲ့သည့် အမှိုက်များ၊ ဒိုက်များရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးလုပ် ငန်းများကို နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ လုပ်သားများနှင့် စက်ယန္တရားများဖြင့် ရှင်းလင်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းများ၌ ရေဝင်ရောက်ခဲ့မှုကြောင့် တင်ကျန်ခဲ့သည့် နုန်းများ ဖယ်ရှားရှင်းလင်းနေမှု၊ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့။
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြစ်များ၊ ချောင်းများတွင် ရေစီးဆင်းမှုများပြားခြင်း၊ ရေလှောင်တမံများတွင် ရေဝင်ရောက်မှုများလာခြင်းတို့ကြောင့် သဘာဝ ဘေးအန္တရာယ်ဖြစ်ပေါ်လာခဲ့သဖြင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအား တာဝန်ရှိသူများက အနီးကပ် စောင့်ကြည့်စီမံမှုများဆောင်ရွက်လျက်ရှိပြီး ရေဘေးကာကွယ်ရေးလုပ်ငန်းများနှင့် ကူညီကယ်ဆယ် ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၉-၂၀၂၄)
- ပြည်ထောင်စုဝန်ကြီးများ နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးနစ်မြုပ်မှု သဘာဝ ဘေးဒဏ်ကြောင့် ထိခိုက်ခဲ့သော သီးနှံစိုက်ခင်းများ ရာသီချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် ရေကြီးနစ်မြုပ်မှု ကင်းလွတ်ဧရိယာများရှိ သီးနှံများ အထွက်နှုန်းကောင်းမွန်စေရေးတို့အတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး တပ်ကုန်းမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများအတွင်း ရေဝင်ရောက်မှု၊ စာသင်ဆောင်နှင့်ကျောင်းအတွင်း ရွှံ့ညွန်များ၊ အမှိုက် များဖယ်ရှား ရှင်းလင်း၍ သန့်ရှင်းပြီးသော စာသင်ခန်းများအတွင်း စာသင်ကြားနေမှုအခြေ အနေများ၊ ကျောင်းအတွင်း မီးလိုင်းပြတ်တောက်မှုအခြေအနေများ၊ ဇေယျသီရိမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်တို့၌ ရေဘေးသင့် ပြည် သူများအား အထူးကုကွင်းဆင်းကုသမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့။
Add new comment