ရန်ကုန်တိုင်းဒေသကြီးအတွင်း အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့သည့် Anonymous Force အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်/ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၁၀၇) ရပ်ကွက်၊ ငုဝါမြိုင်လမ်းရှိ ရစဖရုံး၌ ရစဖမှူး ဦးကြည်ထွန်း၊ ရာအိမ်မှူး ဦးဆွေမြင့်အောင်နှင့် ရုံးအကူ ဦးမျိုးမြင့်ထွန်း (ခ) သားကြီးတို့ ၃ ဦးသည် ရုံးလုပ်ငန်းများ ဆောင်ရွက်နေစဉ် (စိစစ်ဆဲ) ကျား ၄ ဦးမှ မော်တော်ယာဉ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ရစဖမှူးနှင့် ရာအိမ် မှူးတို့ သေဆုံးခဲ့ပြီး ရုံးအကူမှာ ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တရားခံများအား ဖော်ထုတ်ဖမ်းဆီး ရမိရေး ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုကို မလိုလားသော ပြည်သူများ၏ ပူးပေါင်းပါဝင်သတင်း ပေးမှုများကြောင့် စက်တင်ဘာလ ၂၄ ရက်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နေ တရားခံ ကျော်စွာအောင် (ခ) ကျော်စွာနှင့် တင်ဝင်း (ခ) ဝင်းချိုတို့အား ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းတို့၏  ထွက်ဆိုချက်များအရ စက်တင်ဘာလ ၂၅ ရက်တွင် ရွှေပေါက္ကံမြို့သစ်နေ  အောင်မင်းခန့် (ခ) ကျော်ကျော်နန္ဒ၊ ၎င်းနှင့်တရားမဝင်ပေါင်းသင်းနေထိုင်သူ ယုနန္ဒာစိုးတို့ ၂ ဦးအား လည်းကောင်း၊ စက်တင်ဘာလ ၂၆ ရက်တွင် အုတ်တွင်းမြို့နယ်နေ ခင်မောင်ဌေး (ခ) ကျန်ကျောင်း အားလည်းကောင်း၊ ရန်ကင်းမြို့နယ်နေ  ရဲရင့်အောင် (ခ) ကိုရဲ (ခ) တင်ထွန်းအားလည်းကောင်း ထပ်ဆင့်ဖော်ထုတ်ချက်အရ စက်တင်ဘာလ ၂၇ ရက်တွင် လှိုင်သာယာမြို့နယ်နေ ထက်ကြီး (ခ) ကျော်ကြီး၊ အာကာဖြိုး (ခ) အောင်မင်းခန့်နှင့် လျှန်းထက်အောင်တို့ ၃ ဦးအား Sigsauer ပစ္စတိုသေနတ် ၁ လက်၊ Glock ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၉ မမ ကျည် ၂၀ တောင့်တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည့်အပြင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နေ နေလင်း၊ တင်လှနှင့် မြင့်ကျော် တို့ ၃ ဦးအား အသီးသီးထပ်မံဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ-

  • အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ရန် ရည်ရွယ်၍ Anonymous Force အမည်ခံ အကြမ်းဖက်အဖွဲ့အား ရဲရင့်အောင် ခေါင်းဆောင်၍ ခင်မောင်ဌေး၊ ထက်ကြီး၊ အာကာဖြိုး၊ လျှန်းထက်အောင်၊ အောင်မင်းခန့်၊ ဖမ်းဆီးရန်ကျန်တရားခံ ဖြိုးဇင်အောင်တို့ပါဝင်သော အဖွဲ့ဝင် ၇ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း။
  • လုပ်ကြံသတ်ဖြတ်ရာတွင် အသုံးပြုခဲ့သည့် လက်နက်/ ခဲယမ်းများအား KNLA တပ်မဟာ (၇) တွင် ခိုအောင်းနေထိုင်လျက်ရှိသည့် ဖမ်းဆီးရန်ကျန် တရားခံ မှတ်ကြီး (ခ) မှုံကြီးမှ ပေးပို့ခဲ့ ခြင်းဖြစ်ပြီး ထက်ကြီးနှင့် ယုနန္ဒာစိုးတို့ထံတွင် သိုဝှက်သိမ်းဆည်းခဲ့ကြောင်း။
  • ဖမ်းဆီးရန်ကျန် တရားခံ မှတ်ကြီး (ခ) မှုံကြီးမှ Anonymous Force အမည်ခံအကြမ်းဖက် အဖွဲ့အား ရန်ကုန်မြို့အတွင်း၌ ဒလန်ရှင်းလင်းရေးအကြောင်းပြကာ အစိုးရဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ရန် စေခိုင်းခဲ့ကြောင်း။
  • ၂၀၂၁ ခုနှစ်မတိုင်မီကာလတွင် တရားခံ မြင့်ကျော်၊ ခင်မောင်ဌေးနှင့်  နေလင်းတို့သည်  ရစဖရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်သဖြင့် လက်ရှိရစဖမှူးနှင့် ရစဖရုံးစာရေးများ အပေါ် ပုဂ္ဂိုလ်ရေးအရ မကျေနပ်မှုများရှိနေသဖြင့် ဒလန်ဟု စွပ်စွဲကာ လုပ်ကြံသတ်ဖြတ် ခဲ့ခြင်းဖြစ်ကြောင်း။
  • Anonymous Force အမည်ခံ အကြမ်းဖက်အဖွဲ့သည် ဒဂုံမြို့သစ်  (တောင်ပိုင်း) မြို့နယ်နေ ရစဖမှူးနှင့် ရာအိမ်မှူးတို့အား လုပ်ကြံသတ်ဖြတ်ရန် မြင့်ကျော်၊ နေလင်း၊ တင်ဝင်းနှင့် တင်လှတို့မှ လုပ်ကြံသတ်ဖြတ်မှုမတိုင်မီ ၁ ပတ်ခန့်ကြိုတင်၍ Scout ကြည့်ရှုခဲ့ပြီး စက်တင်ဘာလ ၂၀ ရက်တွင် ခင်မောင်ဌေး ၊ ကျော်စွာအောင်၊ အာကာဖြိုး၊ အောင်မင်းခန့် တို့ ၄ ဦးသည် မော်တော်ယာဉ်ဖြင့် ရစဖရုံးသို့ သွားရောက်ခဲ့ပြီး အာကာဖြိုးနှင့် အောင်မင်းခန့် တို့မှ ရစဖမှူး ဦးကြည်ထွန်း၊ ရာအိမ်မှူး ဦးဆွေမြင့်အောင်နှင့် ရုံးအကူ ဦးမျိုးမြင့်ထွန်း တို့အား ပစ္စတိုဖြင့် ၁၄ ချက်ပစ်ကာ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။
  • ၂ဝ၂၄ ခုနှစ်၊ မေလ ၁၃ ရက်တွင် လှိုင်သာယာမြို့နယ်၊ အမှတ် (၆) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သူအား ဒလန်ဟုစွပ်စွဲ၍ အာကာဖြိုး၊ အောင်မင်းခန့်တို့မှ ပစ္စတိုဖြင့် အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်ခဲ့ရာတွင် ထက်ကြီးနှင့် လျှန်းထက်အောင်တို့ ၂ ဦးမှ Scout ကြည့်ရှုပေးခဲ့ကြောင်း။
  • ဇွန်လ ပထမပတ်တွင် အာကာဖြိုး၊ အောင်မင်းခန့်တို့မှ လက်ပစ်ဗုံး ၂ လုံးဖြင့် ကမာရွတ် မြို့မရဲစခန်းအား ပစ်ခတ်ဖောက်ခွဲခဲ့ရာတွင် ထက်ကြီးနှင့် လျှန်းထက်အောင်တို့ ၂ ဦးမှ Scout ကြည့်ရှုပေးခဲ့ကြောင်း။
  • ဖမ်းဆီးရန်ကျန် တရားခံ မှတ်ကြီး (ခ) မှုံကြီး မှ လုပ်ကြံသတ်ဖြတ်မှုများနှင့် အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် Anonymous Force အမည်ခံအကြမ်းဖက်အဖွဲ့အား Kpay မှတစ်ဆင့် လုပ်ကြံသတ်ဖြတ်မှုနှင့် အကြမ်းဖက်မှု ၁ ကြိမ်လျှင် ငွေကျပ်သိန်း ၃၀ ထောက်ပံ့ပေးခဲ့ပြီး ရရှိသောငွေကြေးများအား ခေါင်းဆောင် ရဲရင့်အောင်မှ ပြန်လည်ခွဲဝေ ပေးကြောင်း ဖော်ထုတ်သိရှိရပါသည်။

ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ၎င်းတို့ကျူးလွန်ခဲ့သောပြစ်မှုများအတိုင်း ထိရောက် စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား လျှို့ဝှက် ပေးထား၍ ဆုငွေများ ထိုက်တန်စွာ ချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၉-၂၀၂၄)

  • ရန်ကုန်တိုင်းဒေသကြီးအတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတို့အား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်ခဲ့သည့် တရားခံ ကျား ၁၁ ဦး၊ မ ၁ ဦးတို့အား Sigsauer ပစ္စတိုသေနတ် ၁ လက်၊ Glock ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၉ မမကျည် ၂၀ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့။
  • Anonymous Force အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များသည် ၎င်းတို့နှင့် ပုဂ္ဂိုလ်ရေးအရ အဆင်မပြေသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှု (၁) ကြိမ်၊ ဖောက်ခွဲဖျက်ဆီးမှု (၁) ကြိမ်ပြုလုပ်ခဲ့။

 

Add new comment