နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာလ ၂၇ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း (ဗဟိုဌာန-၂) ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆုရရှိကြသူ များတက်ရောက်ခဲ့ကြပါသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ရာတွင်

  • ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားများကို နှစ်အလိုက် ဆောင်ပုဒ်များ သတ်မှတ်၍ ကျင်းပခဲ့ပြီး ယခုနှစ်အတွက် “ခရီးသွားနှင့်ငြိမ်းချမ်းရေး လက်တွဲတူယှဉ် ဖော်ဆောင်ပေး - Tourism and Peace ” ဆိုသည့် ဆောင်ပုဒ်ဖြင့် ဂျော်ဂျီယာနိုင်ငံ၊ ထရီဗီလီဆီ မြို့၌ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားကို အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပ လျက်ရှိကြောင်း။
  • ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့အကြီးဆုံးဝန်ဆောင်မှုလုပ်ငန်းများထဲတွင် တစ်ခုအပါအဝင် ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်သည့် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ကြောင်း။
  • ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားမီ အချိန်က ၂၀၁၉ ခုနှစ်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာ အနေဖြင့် ခရီးသည်စုစုပေါင်း ၁ ဒသမ ၅ ဘီလီယံ လှည့်လည်သွားလာခဲ့ပြီး ခရီးသွားလုပ်ငန်းမှ ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ထရီလီယံ ရရှိခဲ့ကြောင်း၊ ခရီးသွား လုပ်ငန်းသည် ကမ္ဘာလုံးဆိုင်ရာ GDP တွင် ၁၀ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ပြီး အလုပ်အကိုင်ပေါင်း သန်း ၃၃၀ ကို ဖန်တီးပေးနိုင်ခဲ့သည်ဟု သိရှိရပါကြောင်း။
  • အားလုံးသိကြသည့်အတိုင်း မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန်အတွက် အရင်းအမြစ်များစွာပိုင်ဆိုင်ထားပြီး မတူကွဲပြားခြားနားသည့် ယဉ်ကျေးမှုများနှင့် တိုင်းရင်းသား လူမျိုးစုပေါင်း ၁၀၀ ကျော် ပေါင်းစည်းနေထိုင်ကြကြောင်း။
  • အရှေ့တောင်အာရှဒေသတွင် မဟာဗျုဟာမြောက်တည်ရှိပြီး မပျက်စီးသေးသည့် ကမ်းခြေ ခရီးစဉ်ဒေသများ၊ မြင့်မားသည့်တောင်တန်းများ၊ ကျွန်းစုများနှင့် မြေဩဇာကောင်းသည့် လွင်ပြင်များ ကြွယ်ဝသည့်နိုင်ငံလည်းဖြစ်ကြောင်း။
  • ထို့ပြင် ထူးခြားသည့်သဘာဝအလှအပများ၊ သမိုင်းဝင်ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် များ၊ ချစ်ကြည်ရင်းနှီးစွာ နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့များနှင့် လူနေမှုဘဝပုံစံများသည် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကို ပိုမိုလာရောက် လည်ပတ်ကြရန် ဆွဲဆောင်နိုင်သည့်အရာများပင်ဖြစ်ကြောင်း။
  • မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာခရီးသွားဧည့်သည်ရောက်ရှိမှုကို ကြည့်မည်ဆိုပါက ၂၀၂၃ ခုနှစ်တွင် ပြည်ပခရီးသွားဧည့်သည် တစ်သန်းကျော်ဝင်ရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ပထမငါးလ အတွင်း ငါးသိန်းကျော် ဝင်ရောက်ခဲ့သည်ကို တွေ့ရှိရသည့်အတွက် ယခင်နှစ်ကထက် ခရီးသည်ဝင်ရောက်မှု ပိုမိုတိုးတက်လာမည်ဟု မျှော်လင့်နိုင်ကြောင်း။
  • နိုင်ငံတော်အစိုးရအနေဖြင့် စီးပွားရေးပြန်လည်ဦးမော့လာစေရန် ဘက်ပေါင်းစုံမှ ဆောင်ရွက် လျက်ရှိသည့်နေရာတွင် နိုင်ငံ၏စီးပွားရေးကို အထောက်အကူပြုစေမည့် ခရီးသွားလုပ်ငန်း ကိုလည်း အလေးထားဆောင်ရွက်လျက်ရှိသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။
  • နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်  အခြေခံအကျဆုံးနှင့် အဓိကအကျဆုံး ပကတိလိုအပ်ချက် သည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးပင်ဖြစ်သောကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် လက်တွေ့ကျပြီး ဖြစ်နိုင်သည့် လုပ်ဆောင်ချက်များကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း။
  • ထိုသို့ဆောင်ရွက်ရာတွင် တိုင်းရင်းသားခေါင်းဆောင်များ ကိုယ်တိုင်ကလည်း နိုင်ငံတော် အစိုးရနှင့် လက်တွဲပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများတွင် အားတက်သရော ပူးပေါင်း ပါဝင်ဆောင်ရွက်ကြမည်ဆိုပါက တိုင်းရင်းသားများ၏ ဒေသဖွံ့ဖြိုးရေးသည် လျင်လျင်မြန်မြန် တိုးတက်ဖြစ်ထွန်းလာမည်ဖြစ်ကြောင်း။
  • ခရီးသွားနှင့် ငြိမ်းချမ်းရေး လက်တွဲတူယှဉ် ဖော်ဆောင်ပေး” ဟူသည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံ၏ အနာဂတ်ခရီးသွား လုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ခရီးသွား လုပ်ငန်းကဏ္ဍ ဆောင်ရွက်သူတွေအားလုံး နိုင်ငံတော် အစိုးရနှင့်ပူးပေါင်းပြီး တက်ညီလက်ညီ ပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက် လာကြသည့်တာဝန်ရှိသူများက ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ် ခရီးသွားမြှင့်တင်ရေးဆိုင်ရာ Short Video ပြိုင်ပွဲနှင့် ရောင်စုံဓာတ်ပုံပြိုင်ပွဲများတွင် ဆုရရှိသူများအားလည်းကောင်း၊ ကမ္ဘာ့ ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် ဆောင်းပါးနှင့် ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိသူ များကိုလည်းကောင်း၊  ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိ သည့် ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ခဲ့ကြပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့်  ပြခန်းအသီးသီးအား စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၉-၂၀၂၄)

  • ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့အကြီးဆုံးဝန်ဆောင်မှုလုပ်ငန်းများထဲတွင် တစ်ခုအပါအဝင် ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်သည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်။
  • မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရန်အတွက် အရင်းအမြစ်များစွာ ပိုင်ဆိုင်ထားပြီး မတူကွဲပြားခြားနားသည့် ယဉ်ကျေးမှုများနှင့် တိုင်းရင်းသားလူမျိုးစုပေါင်း ၁၀၀ ကျော် ပေါင်းစည်းနေထိုင်ကြ၊ အရှေ့တောင်အာရှဒေသတွင် မဟာဗျုဟာမြောက် တည်ရှိပြီး မပျက်စီးသေးသည့် ကမ်းခြေခရီးစဉ်ဒေသများ၊ မြင့်မားသည့်တောင်တန်းများ၊ ကျွန်းစုများနှင့် မြေဩဇာကောင်းသည့် လွင်ပြင်များ ကြွယ်ဝသည့်နိုင်ငံလည်းဖြစ်။
  • ထူးခြားသည့်သဘာဝအလှအပများ၊ သမိုင်းဝင်ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ ချစ်ကြည်ရင်းနှီးစွာ နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့များ နှင့် လူနေမှုဘဝပုံစံများသည် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကို ပိုမိုလာရောက် လည်ပတ် ကြရန် ဆွဲဆောင်နိုင်သည့်အရာများပင်ဖြစ်။
  • တိုင်းရင်းသားခေါင်းဆောင်များ ကိုယ်တိုင်ကလည်း နိုင်ငံတော်အစိုးရနှင့် လက်တွဲပြီး ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများတွင် အားတက်သရော ပူးပေါင်း ပါဝင်ဆောင်ရွက်ကြမည်ဆိုပါက တိုင်းရင်းသားများ၏ ဒေသဖွံ့ဖြိုးရေးသည် လျင်လျင်မြန်မြန် တိုးတက်ဖြစ်ထွန်းလာမည်ဖြစ်။

 

 

 

 

Add new comment