သီတဂူဆရာတော်ကြီးနှင့် အလှူရှင်တို့က ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကရုဏာအလှူတော်ငွေများ ပေးအပ်လှူဒါန်း

နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ ဂဏာဓိပတိ သောဠသမ ရွှေကျင်သာသနာပိုင်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိ ဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရနှင့်အလှူရှင်တို့က ရာဂီတိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ရေဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ကရုဏာ အလှူတော်ငွေများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို စက်တင်ဘာလ ၂၄ ရက်တွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အခမ်းအနားတွင် သီတဂူ ဆရာတော်ကြီးလှူဒါန်းသည့် အမေရိကန်ဒေါ်လာ ၁၀၀၀၀ ကို ဆရာတော်ဘုရားကိုယ်စား ကပ္ပိယကာရကမှ လည်းကောင်း၊ ကွန်းခိုရာကုမ္ပဏီမိသားစုက အလှူတော်ငွေကျပ် သိန်း ၁၀၀၀ ကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်ကလက်ခံရယူခဲ့ပါသည်။

ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အလှူငွေများ ပေးအပ်လှူဒါန်းမှုအပေါ် ကျေးဇူတင်ဝမ်းမြောက်စကား လျှောက်ထားရာတွင်-

  • ရာဂီတိုင်ဖွန်းမုန်တိုင်းနှင့် ဆက်စပ်ရေဘေးဖြစ်ပွားမှုကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ၉ ခုရှိ မြို့နယ် ၅၄ မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ အဆောက်အအုံများနှင့် စာသင်ကျောင်းများတွင် ရေဝင်နစ်မြုပ်ခဲ့ပါကြောင်း။
  • လူဦးရေ ၁ သိန်း ၄ သောင်းကျော် ရေဘေးဒုက္ခရောက်ခဲ့ပြီး စက်တင်ဘာလ ၂၄ ရက်ထိ စာရင်းများအရ ၄၁၉ ဦး သေဆုံးခဲ့ရပါကြောင်း၊ ဘာသာရေးနှင့်ပတ်သက်ပြီး ၂၅၃ ကျောင်းနှင့် လမ်းတံတား ၉၂၆ ခု ရေမျော ပျက်စီးခဲ့သည့်အပြင် လျှပ်စစ်မီးတိုင်များ၊ ဆက်သွယ်ရေး တာဝါတိုင်များလည်း များစွာပျက်စီးခဲ့ပါကြောင်း၊ အလားတူ တိရစ္ဆာန် ၁ သိန်းကျော်သေဆုံး ခဲ့ပြီး စပါးစိုက်ဧက ၇ သိန်း ၅ သောင်းကျော် ပျက်စီးဆုံးရှုံးခဲ့ပါကြောင်း။
  • နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များအတွက် ငွေကျပ် ဘီလီယံ ၃၀ သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။
  • စက်တင်ဘာလ ၂၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော အလှူငွေပေးအပ်ပွဲတွင် စေတနာရှင် အလှူရှင်များက ငွေကျပ် ၃၂ ဒသမ ၂ ဘီလီယံကျော်ကို ပေးအပ်လှူဒါန်းခဲ့ကြသဖြင့် လက်ခံရရှိခဲ့ကြောင်း။
  • ရေဘေးသင့်ဒေသများ၌ပိတ်ထားခဲ့ရသည့် စာသင်ကျောင်းများ အောက်တိုဘာလအတွင်း အမြန်ဆုံးဖြစ်နိုင်သည့်နေရာမှန်သမျှ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော်ဝန်ကြီး ချုပ်၏ လမ်းညွှန်ချက်နှင့်အညီ လိုအပ်သည်များကို စီမံဆောင်ရွက်လျက်ရှိကြောင်း။
  • ယခင်နှစ်က ဖြစ်ပေါ်ခဲ့သည့် မိုခါမုန်တိုင်းတိုက်ခတ်ပြီးချိန်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအချို့၌ ရေလွှမ်းမိုးမှုများရှိခဲ့မှုအပေါ် နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်နှင့်အညီ ရေဝင်ရေထွက်ကောင်းမွန်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် စိမ်းလန်းစိုပြည်ရေး တို့အတွက် ရှေးဟောင်းရေကန်များ ပြန်လည်တူးဖော်ပေးခြင်း၊ ရေထုတ်စနစ်များ ဖော်ဆောင် ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သောကြောင့် ယခုမိုးသည်းထန်စွာရွာသွန်းချိန်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ထိခိုက်ပျက်စီးမှုနည်းခဲ့ခြင်းဖြစ်ကြောင်း။
  • ရေကြီးရေလျှံဖြစ်ပွားခဲ့သည့်ဒေသများရှိ ရေဘေးသင့်ပြည်သူများကို သီတဂူဆရာတော်ကြီး အနေဖြင့် အမေရိကန်ဒေါ်လာ ၁၀၀၀၀ အားလည်းကောင်း၊ ကွန်းခိုရာကုမ္ပဏီမိသားစုက ငွေကျပ်သိန်း ၁၀၀ဝ လှူဒါန်းသည့်အတွက်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ရေဘေးသင့်ပြည်သူများနှင့် ရဟန်းရှင်လူပြည်သူ အပေါင်းတို့ကလည်း ဝမ်းမြောက်နုမောသာဓုခေါ်မည်သာဖြစ်ပါကြောင်း လျှောက်ထားတင်ပြ ခဲ့ပါသည်။

အခမ်းအနားသို့ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရအမှူးပြုသော ဆရာတော်ကြီး များ ကြွရောက်ချီးမြှင့်တော်မူကြပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကော်မတီဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အလှူရှင်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၉-၂၀၂၄)

  • တိုင်းဒေသကြီးနှင့်ပြည်နယ် ၉ ခုရှိ မြို့နယ် ၅၄ မြို့နယ်၊ လူဦးရေ ၁ သိန်း ၄ သောင်းကျော် ရေဘေးဒုက္ခရောက်ခဲ့ပြီး စက်တင်ဘာလ ၂၄ ရက်ထိ ၄၁၉ ဦး သေဆုံးခဲ့၊ ဘာသာရေးနှင့် ပတ်သက်ပြီး ၂၅၃ ကျောင်းနှင့် လမ်းတံတား ၉၂၆ ခု ရေမျောပျက်စီးခဲ့၊ လျှပ်စစ်မီးတိုင်များ၊ ဆက်သွယ်ရေး တာဝါတိုင်များလည်း များစွာပျက်စီးခဲ့၊ တိရစ္ဆာန် ၁ သိန်းကျော်သေဆုံးခဲ့ပြီး စပါးစိုက်ဧက ၇ သိန်း ၅ သောင်းကျော် ပျက်စီးဆုံးရှုံးခဲ့။
  • နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များအတွက် ငွေကျပ် ဘီလီယံ ၃၀ သတ်မှတ်ဆောင်ရွက်လျက်ရှိ။
  • စက်တင်ဘာလ ၂၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော အလှူငွေပေးအပ်ပွဲတွင် စေတနာရှင် အလှူရှင်များက ငွေကျပ် ၃၂ ဒသမ ၂ ဘီလီယံကျော်ကို ပေးအပ်လှူဒါန်းခဲ့ကြသဖြင့် လက်ခံရရှိခဲ့။
  • သီတဂူ ဆရာတော်ကြီးလှူဒါန်းသည့် အမေရိကန်ဒေါ်လာ ၁၀၀၀၀ ကို ဆရာတော်ဘုရားကိုယ်စား ကပ္ပိယကာရကမှ လည်းကောင်း၊ ကွန်းခိုရာကုမ္ပဏီမိသားစုက အလှူတော်ငွေကျပ် သိန်း ၁၀၀၀ ကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ကလက်ခံရယူခဲ့။

 

 

 

 

Add new comment