သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၁၈ ရက်တွင် လာအိုနိုင်ငံ၊ ဗီယင် ကျန်းမြို့၌ ကျင်းပသည့် ဒုတိယအကြိမ် အာဆီယံ-မဲခေါင်မြစ်ကော်မရှင်ရေဖူလုံရေးဆိုင်ရာဆွေးနွေး ပွဲသို့ တက်ရောက်ခဲ့ပါသည်-
- ဆွေးနွေးပွဲတွင် လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Saleumaxy Kommasith က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက မဲခေါင်ဒေသနှင့် အာဆီယံဒေသအတွင်း ရေဖူလုံရေး၊ ပတ်ဝန်းကျင်သက်ရောက်မှုများအပေါ် ကြံ့ကြံ့ခံနိုင်ရေးနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ထိရောက်ပြီး ဆန်းသစ်တီထွင်မှုရှိသော မူဝါဒများဖော်ဆောင်နိုင်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့။
- မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ နိုင်ငံအဆင့် မဲခေါင်ကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် Dr. Surasri Kidtimonton နှင့်တွေ့ဆုံ၍ ထိုင်း - မြန်မာနယ်စပ်ရှိ မြို့၊ ရွာများတွင် ရေကြီးရေလျှံ မှုများ တားဆီးကာကွယ်နိုင်ရေးအတွက် ကြိုတင်သတိပေးစနစ်တပ်ဆင်ခြင်း၊ ရေစီမံခန့်ခွဲမှု ဆိုင်ရာကိစ္စရပ်များနှင့် ရေဝေရေလဲသစ်တောများ စိုက်ပျိုးထိန်းသိမ်းခြင်းလုပ်ငန်းများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များအားလည်းကောင်း။
- လာအိုနိုင်ငံ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ရေးရာဝန်ကြီး H.E. Dr. Mrs. Bounkham Vorachit နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံအတွင်း မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချ ရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များ အားလည်းကောင်း။
- ဘရူနိုင်းဒါရုစလမ်နိုင်ငံ ဖွံ့ဖြိုးရေးဝန်ကြီးဌာနဝန်ကြီး H.E. Mr. Dato Seri Setia Awang Haji Muhammad Juanda bin Haji Abdul Rashid နှင့်တွေ့ဆုံ၍ ဘရူနိုင်းဒါရုစလမ်နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံတည်ထောင်မည့် အာဆီယံရာသီဥတုပြောင်းလဲမှုဗဟိုဌာန တည်ထောင် နိုင်ရေးအတွက် မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုးနိုင်မည့် အခြေအနေ များအားလည်းကောင်း ဆွေးနွေးခဲ့။
ဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ရေသယံဇာတနှင့် ပတ်ဝန်းကျင် ဆိုင်ရာဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အဆင့်မြင့်အရာရှိကြီးများ၊ မဲခေါင်မြစ်ဝှမ်းကော်မရှင်ဥက္ကဋ္ဌ၊ မဲခေါင်မြစ်ကော်မရှင်အမှုဆောင်အရာရှိ ချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ တရုတ်၊ ကနေဒါ၊ ဩစတေးလျ၊ ဆွစ်ဇာလန်၊ နယူးဇီလန်နှင့် အမေရိကန်နိုင်ငံတို့မှ ရေစီမံခန့်ခွဲမှုဆိုင်ရာပညာရှင်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၉-၂၀၂၄)
- ဒုတိယအကြိမ် အာဆီယံ-မဲခေါင်မြစ်ကော်မရှင်ရေဖူလုံရေးဆိုင်ရာဆွေးနွေးပွဲတွင် မဲခေါင်ဒေသနှင့် အာဆီယံဒေသအတွင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ထိရောက်ပြီး ဆန်းသစ်တီထွင်မှုရှိသော မူဝါဒများဖော်ဆောင်နိုင်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့။
Add new comment