ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအား ရန်ကုန်မြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ရုရှားကုန်သွယ်မှုကိုယ်စားလှယ်ရုံး၏ အကြီးအကဲ Mr. Vladimir Kazadaev ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၁၈ ရက်တွင် ကျန်းမာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံအတွင်း မကြာမီကဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများအတွက် ရုရှား နိုင်ငံမှ ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းမည့်ကိစ္စရပ်များ၊ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ Napalkov Cancer Center နှင့် ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာနတို့အကြား ကင်ဆာရောဂါဆေးကုသမှု လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ပြီး ဆက်လက် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ ရုရှားနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းကုမ္ပဏီများမှ စက်မှုဝန်ကြီးဌာန BPI ဆေးဝါးစက်ရုံနှင့်ပူးပေါင်း၍ ပြည်တွင်း၌ ဆေးနှင့် ဆေးပစ္စည်းများ ထုတ်လုပ်ရေးကိစ္စ၊ ရုရှား နိုင်ငံမှထုတ်လုပ်သည့် ရောဂါရှာဖွေရေးဓာတ်ခွဲ စမ်းသပ်မှုပစ္စည်းများ (Rapid Diagnostic Test kit) ဈေးနှုန်းချိုသာစွာဖြင့် ပြည်တွင်း၌ ဝယ်ယူရရှိနိုင်ရေးကိစ္စ၊ ရုရှားနိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့် ဆေးပစ္စည်းများကို မြန်မာနိုင်ငံ FDA အသိအမှတ်ပြု မှတ်ပုံတင်ရရှိရေးကိစ္စနှင့် နှစ်နိုင်ငံဆေးကုသမှု လုပ်ငန်းများ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာ နိုင်ငံဆိုင်ရာ ရုရှားကုန်သွယ်မှုကိုယ်စားလှယ်ရုံးမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက် ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၉-၂၀၂၄)
- ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားကုန်သွယ်မှု ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအတွင်း မကြာမီကဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများအတွက် ရုရှား နိုင်ငံမှ ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းမည့်ကိစ္စရပ်များ၊ ရုရှားနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းကုမ္ပဏီများမှ စက်မှုဝန်ကြီးဌာန BPI ဆေးဝါးစက်ရုံနှင့် ပူးပေါင်း၍ ပြည်တွင်း၌ ဆေးနှင့် ဆေးပစ္စည်းများ ထုတ်လုပ်ရေးကိစ္စနှင့် နှစ်နိုင်ငံဆေးကုသမှု လုပ်ငန်းများ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
Add new comment