တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားခဲ့သော တိုင်ဖွန်းမုန်တိုင်းရာဂိ၏အရှိန်နှင့် ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ် ၏အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုနှင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရပါသည်။ အဆိုပါ ရေဘေးသင့်ဒေသများအတွက် ပြည်ပနိုင်ငံများမှ လူသားချင်းစာနာမှုအကူအညီပစ္စည်းများ ပေးပို့ လှူဒါန်းလျက်ရှိပါသည်။
- စက်တင်ဘာလ ၁၇ ရက်တွင် အိန္ဒိယလေတပ် သယ်ယူပို့ဆောင်ရေးလေယာဉ် IL-76 ဖြင့့်် လူသားချင်း စာနာ ထောက်ထားမှု အကူအညီပစ္စည်းများတွင် ခြင်ထောင်အလုံး ၁,၀၀၀၊ အသင့်စားအစား အစာထုပ် MRE) အထုပ် ၃,၀၀၀၊ မီးဖိုချောင် သုံးပစ္စည်းအစုံ ၅၀၀၊ ဆိုလာမီးအိမ် ၁,၀၀၀ ခန့်၊ မီးစက်နှစ်လုံး၊ တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းများ Hygiene Kits) အစုံ ၄,၀၀၀၊ ယာယီတဲ ၁၅ လုံး၊ ရေသန့်စင်ရေး ဆိုင်ရာပစ္စည်းများဖြစ်သည့် ကလိုရင်းဆေးပြား၊ ပိုးသတ် ဆေး၊ Bleaching powder နှင့် ဆေးဝါးပစ္စည်းများ စုစုပေါင်းပစ္စည်းတန်ချိန် ၃၀ ကျော်တို့အား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Shri Abhay Thakur က လွှဲပြောင်းပေးအပ်ခဲ့ပြီး အလားတူ အစားအစာ၊ အဝတ်အထည်၊ ဆေးဝါး၊ တာပေါ်လင်နှင့် ယာယီတဲများ သယ်ဆောင်လာသော အိန္ဒိယ နိုင်ငံရေတပ်မှ စစ်ရေယာဉ်သည် ညပိုင်းတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ထပ်မံ ရောက်ရှိ။
- စက်တင်ဘာလ ၁၇ ရက်တွင် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်း စာနာမှု အကူအညီပေးရေးညှိနှိုင်းမှုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management-AHA Centre) မှ အမေရိကန်ဒေါ်လာ ၃၃၇,၁၄၈ ဒသမ ၉၅ ခန့်မှန်းတန်ဖိုးရှိ မိသားစုသုံးပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်းများ၊ မိသားစု သုံးမိုး ကာတဲများ၊ တာပေါ်လင်၊ Shelter Repair Kit ၊ ရေသန့်စက်များနှင့် အခြားအရေး ပေါ်သုံးပစ္စည်းများကို MAI လေကြောင်းလိုင်းဖြင့်လည်းကောင်း၊ မိသားစုသုံး ပစ္စည်း၊ တစ်ကိုယ်ရည်သုံးပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်း၊ Shelter ပြုပြင်ရေးသုံး ပစ္စည်းများ၊ မိသားစုတဲ၊ ရေပုံး၊ တာပေါ်လင်၊ ခြင်ထောင်နှင့် ရေသန့်စက်စသည့် အမျိုးအစား ၁၁ မျိုး ပါဝင်သော ကယ်ဆယ်ရေးပစ္စည်းများကို ထိုင်းနိုင်ငံ Disaster Emergency Logistics System for ASEAN (DELSA) Warehouse မှတစ်ဆင့် မြန်မာအမျိုးသားလေကြောင်း လိုင်းဖြင့်လည်းကောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိ။
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးဒဏ်သင့်သူများအတွက် အရေးပေါ်တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေး “မူ” ဖြင့် ဆောင်ရွက်လျက်ရှိပြီး ရောက်ရှိလာသော ကယ်ဆယ်ရေးပစ္စည်းများကို ရေဘေးသင့်ဒေသများသို့ အမြန်ဆုံးပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၉-၂၀၂၄)
- မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Shri Abhay Thakur က ရေဘေးသင့် ဒေသများအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီပစ္စည်းများကို လွှဲပြောင်း ပေးအပ်ခဲ့။
- အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းမှုဌာနမှ ရေဘေးသင့်ဒေသများအတွက် အမေရိကန်ဒေါ်လာ ၃၃၇,၁၄၈ ဒသမ ၉၅ ခန့်မှန်းတန်ဖိုးရှိ အမျိုးအစား ၁၁ မျိုး ပါဝင်သော ကယ်ဆယ်ရေးပစ္စည်းများ လှုဒါန်းခဲ့။
Add new comment