မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ “ချောင်ချောင်” ရွှေဆိုင်နေအိမ်အား ဓားပြတိုက်လုယက်မှုကျူးလွန်ခဲ့သူများကို သက်သေခံပစ္စည်းတို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ “ချောင်ချောင်” ရွှေဆိုင်ပိုင်ရှင်ဖြစ်သူ ဦးရွှေဝင်း (၅၇) နှစ်သည် ၎င်းဖွင့်လှစ်ထားသည့် မန္တလေးမြို့ အတွင်းရှိ “ချောင်ချောင်”ရွှေဆိုင်သုံးဆိုင်သို့ သွားရောက်ရန် ရွှေထည်ပစ္စည်းများနှင့် ငွေသားများအား ကားပေါ်သို့ တင်နေစဉ် 3J/8313 ADVAN အမျိုးအစားမော်တော်ယာဉ်ဖြင့် အမျိုးသား ၇ ဦး (စိစစ်ဆဲ) က သေနတ်များ ကိုင်ဆောင်ကာ ရောက်ရှိလာပြီး ရွှေ ၁၀ ပိဿာကျော်နှင့် ငွေကျပ်သိန်း ၁,၀၀၀ ခန့်တို့အား ဓားပြတိုက်လုယက်ယူဆောင်ထွက်ပြေးသွားကြောင်းသိရှိရပါသည်။

အထက်ပါဖြစ်စဉ်မှ ပြစ်မှုကျုးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက အထူးအမှုစစ်အဖွဲ့ဖြင့် အခင်းဖြစ်ရပ်မှတ်တမ်းအထောက်အထားများရယူ၍ နယ်မြေအတွင်း သတင်းရယူစုံစမ်းဖော်ထုတ်ခဲ့ရာ စက်တင်ဘာလ ၁၄ ရက်တွင် ဓားပြတိုက် လုယက်မှုကျူးလွန်ရာတွင် ပါဝင်သူဖြစ်သည့် ပုသိမ်ကြီးမြို့နယ်၊ ကုန်းတန်းရပ်ကွက်နေ ခင်မောင်စိုး (၄၀) နှစ်အား ချမ်းအေးသာစံမြို့နယ်၊ ရွှေပြည်သာဟော်တယ်ရှေ့၌ ဖမ်းဆီးရမိခဲ့ပါသည်။

တရားခံ ခင်မောင်စိုး၏ ထွက်ဆိုချက်အရ-

  • ၎င်းအပါအဝင် နိုင်မင်းဝေ (ခ) ကုလား (ခ) ကျော်ကြီး၊ ကျော်စိုးမင်း ထွန်း (ခ) ညီညီစိုး၊ ဇင်ကိုကိုကျော် (ခ) ကရင်ကြီး၊ အောင်ဇော်ထွန်း (ခ) အငယ်ကောင်၊ လှိုင်းထက်အောင် (ခ) တောဝက် (ခ) ဝက်ကလေးနှင့် ချမ်းသာ (ခ) ရွှန်းထက်မောင်တို့ ၇ ဦးက ကျူးလွန်ခဲ့ကြခြင်း ဖြစ်ကြောင်း ဖော်ထုတ်သိရှိ။
  • ကသာမြို့နယ်၊ သံပုရာကုန်းကျေးရွာနေ နိုင်မင်းဝေ (ခ) ကုလား (ခ) ကျော်ကြီး (၂၇) နှစ်၊ ပန်းတောင်းမြို့နယ်၊ ကျားအိုကျေးရွာနေ ကျော်စိုးမင်းထွန်း (ခ) ညီညီစိုး (၄၆) နှစ်နှင့် မိတ္ထီလာမြို့နယ်၊ ကျောက်ဖြူကုန်းကျေးရွာနေ ဇင်ကိုကိုကျော် (ခ) ကရင်ကြီး (၂၉) နှစ်တို့ ၃ ဦးအား ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီရပ်ကွက်ရှိ GTM ဟိုတယ်၌ အသီးသီးထပ်မံဖမ်းဆီး ရမိခဲ့။

ဖမ်းဆီးရမိသူ တရားခံများ၏ ထွက်ဆိုချက်အရ-

  • ဓားပြတိုက်လုယက်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် မော်တော်ယာဉ်နှင့် ဓားပြတိုက်လုယက် ယူဆောင်ခဲ့သည့် ရွှေထည်ပစ္စည်းအချို့အား ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာနေ တရားခံ အောင်ဇော်ထွန်း (ခ) အငယ်ကောင်၏နေအိမ်၌ သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် သွားရောက်ရှာဖွေဖမ်းဆီးခဲ့ရာ စက်တင်ဘာလ ၁၄ ရက်တွင် တရားခံ အောင်ဇော်ထွန်း (ခ) အငယ်ကောင် (၂၁) နှစ်အား သက်သေခံရွှေထည် ပစ္စည်းများနှင့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သော မော်တော်ယာဉ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့။
  • စက်တင်ဘာလ ၁၅ ရက်တွင် တရားခံ ခင်မောင်စိုး၏နေအိမ်မှ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် Glock အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ Kimber Custom အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ကျည် ၁၄ တောင့်နှင့် သက်သေခံရွှေထည်ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိခဲ့ပြီး ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာနေ တရားခံ လှိုင်းထက်အောင် (ခ) တောဝက် (ခ) ဝက်ကလေး (၂၅) နှစ်အား ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်တိုးဂိတ်တွင် ထပ်မံဖမ်းဆီးရမိခဲ့။

ဖြစ်စဉ်တွင် ဓားပြတိုက်လုယက်မှုကျူးလွန်ခဲ့သူ ခင်မောင်စိုးပါ တရားခံ ၆ ဦးအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒုစရိုက်မှုကို မလိုလားသည့် တာဝန်သိပြည်သူများနှင့် ပူးပေါင်းကာ သက်သေခံပစ္စည်း များနှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်းနှင့် ထွက်ပြေးလွတ်မြောက်လျက်ရှိသည့် ဖမ်းဆီးရန်ကျန် တရားခံ ချမ်းသာ (ခ) ရွှန်းထက်မောင် (၂၆) နှစ်အား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၉-၂၀၂၄)

  • မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ “ချောင်ချောင်” ရွှေဆိုင်နေအိမ်အား ဓားပြတိုက်လုယက်မှုကျူးလွန်ခဲ့သူ အမျိုးသား ၆ ဦးကို သက်သေခံပစ္စည်း ရွှေ ၁၀ ပိဿာကျော်၊ ငွေကျပ်သိန်း ၁,၀၀၀ ခန့်တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးလွတ် မြောက်လျက်ရှိသည့် ဖမ်းဆီးရန်ကျန် တရားခံ ချမ်းသာ (ခ) ရွှန်းထက်မောင် (၂၆) နှစ်အား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိ။

Add new comment