ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ (၃/၂၀၂၄) အစည်းအဝေးကျင်းပ

ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ (၃/၂၀၂၄) အစည်းအဝေးကို စက်တင်ဘာလ ၁၁ ရက်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကားပြောကြားခဲ့ရာတွင်-

  • ဆန်ဈေးနှုန်းနှင့် စပ်လျဉ်း၍ သင့်တင့်မျှတသောဈေးနှုန်းဖြင့် ပြည်သူများ လွယ်ကူစွာ ဝယ်ယူ စားသုံးနိုင်ရန် ဆန်ဈေးကွက်ဈေးနှုန်းကို လစဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်း။
  • ဆန်စက်များပုံမှန်လည်ပတ်ရေး၊ ဆန်ဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချရေးအတွက် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ ပူးပေါင်း၍ ကြပ်မတ်ဆောင်ရွက်ခဲ့ပါကြောင်း။
  • စားသုံးဆီနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် စားအုန်းဆီခွဲတမ်းတိုးမြှင့်ရရှိရေး ဆောင်ရွက်ပေးခဲ့ကြောင်း။
  • စားအုန်းဆီများ စားသုံးသူလက်ဝယ်သို့ ဈေးနှုန်း၊ အလေးချိန်မှန်ကန်စွာရောင်းချစေရန် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။
  • ဆေးနှင့် ဆေးပစ္စည်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဆေးဝါးပြတ်လပ်မှုနှင့် ဈေးနှုန်းမြင့်တက်မှုများ မဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း။
  • စက်သုံးဆီနှင့်စပ်လျဉ်း၍ ကုန်ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများအတွက် မရှိ မဖြစ်လိုအပ်သည့် စက်သုံးဆီပြတ်လပ်မှုမရှိစေရန် နိုင်ငံတော်အနေဖြင့် ဦးစားပေးဆောင်ရွက် လျက်ရှိကြောင်း။
  • စက်သုံးဆီဝယ်ယူရန် လိုအပ်သောနိုင်ငံခြားငွေရရှိရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း။
  • မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စပါးအထွက်နှုန်းမကျဆင်းစေရန် ပြန်လည်စိုက်ပျိုးနိုင်မည့် မျိုးစပါး၊ မြေဩဇာနှင့် စိုက်ပျိုးရေးဆေးများ အချိန်မီရရှိရေးအတွက် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများအားလုံးမှ ပူးပေါင်းဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း။

ဆက်လက်၍ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆန်၊ စားအုန်းဆီ၊ ဆေးနှင့် ဆေးဝါး ပစ္စည်းများအပါအဝင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းတည်ငြိမ်ရေးဆောင်ရွက်မှုနှင့် ဆက်လက် ဆောင်ရွက်မည့်အခြေအနေများ၊ အဓိကကုန်စည်ဈေးနှုန်းများအပေါ်သုံးသပ်ချက်၊ အခြေခံစားသောက် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြခဲ့ပြီး ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍနှင့် ဒေသအလိုက် ကုန်ဈေးနှုန်းတည်ငြိမ်စေရေး ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် လိုအပ်ချက် များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။

အစည်းအဝေးသို့ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီဒုတိယဥက္ကဋ္ဌ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကော်မတီဝင်ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ ဝန်ကြီးချုပ်များ၊ စီးပွားရေးရာဝန်ကြီးများ၊ စည်ပင်သာယာရေး ကော်မတီအတွင်းရေးမှူး များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၉-၂၀၂၄)

  • ဆန်စက်များပုံမှန်လည်ပတ်ရေး၊ ဆန်ဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချရေးအတွက် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ ပူးပေါင်း၍ ကြပ်မတ်ဆောင်ရွက်ခဲ့။
  • စားအုန်းဆီများ စားသုံးသူလက်ဝယ်သို့ ဈေးနှုန်း၊ အလေးချိန်မှန်ကန်စွာရောင်းချစေရန် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ။
  • စက်သုံးဆီနှင့်စပ်လျဉ်း၍ ကုန်ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများအတွက် မရှိမဖြစ် လိုအပ်သည့် စက်သုံးဆီပြတ်လပ်မှုမရှိစေရန် နိုင်ငံတော်အနေဖြင့် ဦးစားပေးဆောင်ရွက်လျက်ရှိ။

Add new comment