နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ ဩဂုတ်လ ၃ ရက်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားခြင်း၊ အရေးပေါ်ကုသဆောင် တွင် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် ဒေသခံပြည်သူများကို ကြည့်ရှု၍ ကျန်းမာရေးအခြေအနေ များကို မေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းများ ဆောင်ရွက် ခဲ့ပါသည်။

ဆေးရုံကြီးအစည်းအဝေးခန်းမတွင် ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်ဦးက ကင်ဆာရောဂါ ကုသရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ လအလိုက် ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဓာတ်မှန်လုပ်ငန်းများ ဆောင်ရွက်နိုင်မှု၊ ဓာတ်ရောင်ခြည်ကုသမှုများ ဆောင်ရွက်နိုင်မှုနှင့် ကင်ဆာ ကုသခြင်းလုပ်ငန်းအတွက် စက်ကိရိယာများ ထပ်မံလိုအပ်မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • လိုအပ်သည့် စက်ကိရိယာများကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည် နယ်အတွင်းရှိ ဆေးရုံများအနက် လိုအပ်ချက်ရှိသည့် ဆေးရုံများကို အဆင့်မြှင့်တင်မှုများနှင့် တိုးချဲ့မှုများ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း နယ်မြေအ တွင်းနေထိုင်သည့် ပြည်သူများ၏လူဦးရေကို  တွက်ချက်၍ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊
  • ပြည်သူတိုင်း ကျန်းမာရန်လိုကြောင်း၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ် လုပ်နိုင်မည်ဖြစ်ကြောင်း၊ ဆေးရုံများသည် ပြည်သူများအတွက် အားကိုးဖွယ်ရာ ဖြစ်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြောဆိုဆက်ဆံမှုမှအစ ကုသစောင့်ရှောက်မှုအပိုင်းများတွင်ပါ စနစ်တကျရှိစေလိုကြောင်း၊ ဆေးရုံသည် ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် နေရာတစ်ခု ဖြစ်သဖြင့် သန့်ရှင်းသပ်ရပ်နေရန်လိုကြောင်း၊
  • ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေသူများဖြစ်သဖြင့် ဝတ်စားဆင်ယင်မှုများ ကောင်းမွန်နေရန်လိုပြီး ဆေးရုံသို့ လာရောက်ကုသသည့် ပြည်သူများအနေဖြင့် မိမိတို့ဆေးရုံသို့ လာရောက်ချိန်တွင် အားကိုး သည့်စိတ်များ ဖြစ်ပေါ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်ကုသမှုပေးရာတွင်လည်း ကောင်းမွန်စွာဖြင့် ဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ ဆေးရုံတက်ပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သည့် အစာအာဟာရများရရှိစေရေး စီမံ ဆောင်ရွက်ပေးရန်လိုကြောင်း၊
  • ကျန်းမာရေးကဏ္ဍမြှင့်တင်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် တတ်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်ပြီး ပြည်သူများမှအားကိုးရသည့် ကျန်းမာရေးဝန်ထမ်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် မှာကြား၍ ဆေးရုံ၏လိုအပ်ချက်များကို မေးမြန်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့။

အဆိုပါ စဝ်စံထွန်းဆေးရုံကြီးကို ၁၉၅၇ ခုနှစ်တွင် ဝန်ထမ်းတပ်မဟာ အမှတ် (၁) (Rehabilitation Brigade No.1) မှ တပ်ရင်းမှူး ဗိုလ်မှူးချုပ်မောင်လွင် (B.Sc Engineering) က ဦးဆောင်၍ ရုရှား - မြန်မာချစ်ကြည်ရေးအတွက် ရည်ရွယ်ကာ ဆိုဗီယက်ပြည်ထောင်စုနိုင်ငံ၏ စီးပွားရေးနှင့်ကျွမ်းကျင်သူ ပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆောက် အဦ အားလုံးအတွက် ငွေကျပ်သိန်း ၄၀ ကုန်ကျခဲ့ပြီး ၁၉၆၁ ခုနှစ်၊ ဇွန်လတွင် စဝ်စံထွန်းဆေးရုံ ကြီးအား စတင်ဖွင့်လှစ်ခဲ့ပြီး ရှမ်းပြည်နယ်တွင် တစ်ခုတည်းသော ဆေးရုံကြီးဖြစ်ခဲ့ကြောင်း၊ စတင် ဖွင့်လှစ်ခဲ့ချိန်တွင် ခုတင်-၂၀၀ ဆံ့ဆေးရုံဖြစ်သော်လည်း ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ခုတင်-၅၀၀ ဆံ့ဆေးရုံကြီးအဖြစ် တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၉-၂၀၂၄)

  • ပြည်သူတိုင်း ကျန်းမာရန်လို၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ် လုပ်နိုင်မည် ဖြစ်၊ ဆေးရုံများသည် ပြည်သူများအတွက် အားကိုးဖွယ်ရာ ဖြစ်အောင် ဆောင်ရွက်ကြရန်လို၊ ပြောဆိုဆက်ဆံမှုမှအစ ကုသစောင့်ရှောက်မှုအပိုင်းများတွင်ပါ စနစ်တကျရှိစေလို၊ ဆေးရုံသည် ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် နေရာတစ်ခု ဖြစ်သဖြင့် သန့်ရှင်းသပ်ရပ်နေရန်လို။
  • စဝ်စံထွန်းဆေးရုံကြီးကို ရုရှား - မြန်မာချစ်ကြည်ရေးအတွက် ရည်ရွယ်ကာ ၁၉၆၁ ခုနှစ်၊ ဇွန်လ တွင် စဝ်စံထွန်းဆေးရုံကြီးအား စတင်ဖွင့်လှစ်ခဲ့ပြီး စတင်ဖွင့်လှစ်ခဲ့ချိန်တွင် ခုတင်-၂၀၀ ဆံ့ဆေးရုံ ဖြစ်သော်လည်း ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ခုတင်-၅၀၀ ဆံ့ဆေးရုံကြီးအဖြစ် တိုးမြှင့် သတ်မှတ်ခဲ့။

Add new comment