တတိယအကြိမ်မြောက် အာဆီယံအမျိုးသမီးခေါင်းဆောင်များညီလာခံ (3rd ASEAN Women Leaders’ Summit) ကျင်းပ

တတိယအကြိမ်မြောက် အာဆီယံအမျိုးသမီးခေါင်းဆောင်များညီလာခံ (3rd ASEAN Women Leaders’ Summit) ကို ဩဂုတ်လ ၂၃ ရက်တွင် Video Conferencing စနစ်ဖြင့် လာအိုနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ အာဆီယံအမျိုးသမီးရေးရာဝန်ကြီးများအဆင့် Focal Point ဖြစ်သူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ အာဆီယံအမျိုးသမီးကော်မတီ (ACW) Focal Point နှင့် အာဆီယံအမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့်မှတ်ပုံတင်ကဏ္ဍ (AWPR) အဖွဲ့ဝင် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အာဆီယံအမျိုးသမီးအခွင့်အရေးများဆိုင်ရာ ကိုယ်စားလှယ် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဘာသာရပ်ဆိုင်ရာတာဝန်ခံများက Online ဖြင့် တက်ရောက် ခဲ့ကြပါသည်။

တတိယအကြိမ်မြောက် အာဆီယံအမျိုးသမီးခေါင်းဆောင်များညီလာခံ၏ ဆောင်ပုဒ်ဖြစ်သော “Strengthening Care Economy and Resilience Towards ASEAN Community Post-2025” နှင့်စပ်လျဉ်း၍ Plenary Session တွင် အာဆီယံနိုင်ငံများ၏ ခေါင်းဆောင်များက Panelist များအဖြစ် ပါဝင်ဆောင်ရွက်၍ အတွေ့အကြုံနှင့်အမြင်များကို ဆွေးနွေးဖလှယ်ခဲ့ရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်းက အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်ကို ၂၀၁၄ ခုနှစ်တွင် ချမှတ်ဖော်ဆောင်ခဲ့ပြီး အဆိုပါအစီအစဉ်၏လုပ်ငန်းနယ်ပယ် (၈) ခုအနက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်နှစ်နှစ်နှင့်အောက် ကလေးသူငယ် များအား ထောက်ပံ့ခြင်းအစီအစဉ်နှင့် လူမှုရေးပင်စင်ထောက်ပံ့ခြင်းတို့ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

အာဆီယံနိုင်ငံများမှ လူမှုစီးပွားဘဝစောင့်ရှောက်ကာကွယ်ပေးရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော အစိုးရဌာနဆိုင်ရာများကို Care Economy Award ဆုပေးအပ် ချီးမြှင့်ခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ Care Economy Award ဆုကိုရရှိခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၈-၂၀၂၄)

  • တတိယအကြိမ်မြောက် အာဆီယံအမျိုးသမီးခေါင်းဆောင်များညီလာခံ (3rd ASEAN Women Leaders’ Summit) တွင် မြန်မာနိုင်ငံအနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ Care Economy Award ဆုကိုရရှိခဲ့။

Add new comment