(၁၄) ကြိမ်မြောက် အာခါရိုးရာစုပေါင်းဒန်းစီးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

          (၁၄) ကြိမ်မြောက် အာခါရိုးရာစုပေါင်း ဒန်းစီးပွဲတော်ကို ဩဂုတ်လ ၁၉ ရက်တွင် ကျင်းပခဲ့ရာ အခမ်းအနားတွင် အာခါတိုင်းရင်းသားအကြီးအကဲ ဦးမင်းညိုက ဒန်းစီးပွဲနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးတို့က ဒန်းစီး၍ ဖွင့်လှစ်ပေး ခဲ့ကြပါသည်။

          ဆက်လက်၍ အာခါဒန်းစီးပွဲတော်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကျပ်သိန်း ၁၀၀ ကို လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးက ကျပ် သိန်း ၅၀ ကိုလည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ကျပ် ၁၀ သိန်းကိုလည်းကောင်းပေးအပ်ရာ တာဝန်ရှိသူ များက လက်ခံရယူခဲ့ပြီး အာခါတိုင်းရင်းသား၊ တိုင်းရင်းသူများက အာခါရိုးရာအကများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြကာ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။

          အာခါတိုင်းရင်းသားများသည် ၎င်းတို့၏ ရိုးရာ၊ ယဉ်ကျေးမှု၊ ယုံကြည်ကိုးကွယ်မှု၊ ဝတ်စား ဆင်ယင်မှုများကို ယနေ့တိုင်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း၊  နှစ်စဉ်အာခါလူမျိုးအသုံးပြုသော ပြက္ခဒိန် (ချော်လာ့) ဩဂုတ်လ၏ ပထမ (ကျွဲ) နေ့ ကျရောက်သော ရက်မှအစပြု၍ ရဲခူအဖွေးဒန်းစီးပွဲတော်ရာသီကျရောက်ပြီး အာခါလူမျိုးများနေထိုင်ရာဒေသအားလုံးမှာ ယခုပွဲတော်ကို ကျင်းပ လျက်ရှိကြကြောင်း၊ ရိုးရာဒန်းကိုပြင်ဆင်ရာတွင် ဓလေ့ထုံးတမ်းနှင့်အညီ သဘာဝပေါက်ပင်၊ သစ်ခေါက်ပင်၊ တောကြီးနွယ်ပင်များကို ယူဆောင်ပြီး အာခါမျိုးနွယ်စု () စုအပါအဝင် ရွာသူ၊ ရွာသားများ၏ စုပေါင်းအားဖြင့် စည်းလုံးညီညွှတ်စွာဆောင်ရွက်ရကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၈-၂၀၂၃)

  • (၁၄) ကြိမ်မြောက် အာခါရိုးရာစုပေါင်း ဒန်းစီးပွဲတော်အား ဩဂုတ်လ ၁၉ ရက်တွင် ကျင်းပ ခဲ့ပြီး အာခါဒန်းစီးပွဲတော်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကျပ်သိန်း ၁၀၀ ကိုလည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးက ကျပ် သိန်း ၅၀ ကိုလည်းကောင်း၊ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ကျပ် ၁၀ သိန်းကိုလည်းကောင်းပေးအပ်ရာ တာဝန်ရှိသူ များက လက်ခံရယူခဲ့။

 

 

 

 

Add new comment