ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နိုင်ငံတကာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေညာထားသော Mpox (မျောက်ကျောက်) ရောဂါနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

နိုင်ငံတကာတွင် Mpox (မျောက်ကျောက်)ရောဂါ ကူးစက်မှုအရှိန်မြှင့်တက်လာသည်နှင့်ပတ် သက်၍ ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူလူထုအနေဖြင့် ပြန်ရည်အိတ်များရောင်ရမ်းခြင်း၊ ခေါင်း ကိုက်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ မောပမ်းနွမ်းနယ်ခြင်းအစရှိသော လက္ခဏာများရှိခြင်း၊ ဖျားခြင်းနှင့် အနီစက်/အရည်ကြည်ဖုထွက်ခြင်း ရောဂါလက္ခဏာ ခံစားနေရသူများနှင့် ထိတွေ့မိခြင်း ရှိပါက နီးစပ်ရာကျန်းမာရေးဌာနများတွင် ကုသမှုခံယူရန် သတင်းထုတ်ပြန်ခဲ့ပါသည်။

                                          သတင်းထုတ်ပြန်ချက်

၁။      (၂၀၂၄) ခုနှစ်အတွင်း ဒီမိုကရက်တစ်ကွန်ဂိုနိုင်ငံ (DRC) နှင့် အာဖရိကတိုက်ရှိ နိုင်ငံများတွင် Mpox (မျောက်ကျောက်) ရောဂါ ကူးစက်ဖြစ်ပွားမှု အရှိန်မြင့်တက်လာခြင်း၊ ဒီမိုကရက်တစ်ကွန်ဂို နိုင်ငံအရှေ့ပိုင်းတွင် ရောဂါပိုးမျိုးကွဲအသစ် (Clade Ib) လျင်မြန်စွာ ကူးစက်ပျံ့နှံ့လာပြီး နယ်စပ်ဖြတ် ကျော်နှင့် နိုင်ငံတကာကူးစက်ပျံ့နှံ့မှုများ ရှိနေခြင်းတို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ (၂၀၂၄) ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်တွင် Mpox (မျောက်ကျောက်) ရောဂါကူးစက်မှုအား နိုင်ငံတကာပြည်သူ့ ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါသည်။

၂။       ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Mpox (မျောက်ကျောက်) ရောဂါအား နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (PHEIC) အဖြစ် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ၊ ၂၃ ရက်တွင် ပထမအကြိမ် ထုတ်ပြန်ကြေညာခဲ့စဉ်ကပင် ဖျားခြင်းနှင့် အနီစက်/အရည်ကြည်ဖုထွက်ခြင်း ရောဂါလက္ခဏာစောင့်ကြပ်ကြည့်ရှုခြင်း (Fever with Vesicular Rash Surveillance) လုပ်ငန်းအား နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ပြည်သူ့ဆေးရုံများနှင့် ကျန်းမာရေးဌာနများတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။ ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားမှုသိသာစွာ ကျဆင်းလာ သည့်အတွက် ၂၀၂၃ ခုနှစ်၊ မေလ ၁၁ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုင်ငံတကာပြည်သူ့ ကျန်းမာရေး အရေးပေါ်အခြေအနေမှ ဖြေလျှော့ခဲ့သော်လည်း မြန်မာနိုင်ငံတွင် ရောဂါလက္ခဏာ စောင့်ကြပ်ကြည့်ရှုခြင်းအား ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်မှ လက်ရှိအချိန်အထိ သံသယ လူနာများ၏ ဓာတ်ခွဲနမူနာ ၁၂၉ ခုအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာတွင် Mpox (မျောက်ကျောက်) ရောဂါအတည်ပြုလူနာ မရှိသေးကြောင်း တွေ့ရှိရပါသည်။

၃။      ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရောဂါဖြစ်ပွားနိုင်ခြေသတ်မှတ်ချက်အရ Mpox (မျောက်ကျောက်) ရောဂါသည် မြန်မာနိုင်ငံတွင် ကူးစက်ဖြစ်ပွားနိုင်ခြေနည်းပါးသော်လည်း အိမ်နီးချင်းနှင့် ဒေသတွင်း နိုင်ငံများတွင် ကူးစက်ဖြစ်ပွားမှုများရှိနေသဖြင့် ကျန်းမာရေးဝန်ကြီးဌာနသည် Mpox (မျောက်ကျောက်) ရောဂါကာကွယ်ရေးအတွက် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဝင်ထွက်ပေါက် များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုအား နှီးနွယ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ လူနာ တွေ့ရှိပါက ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် သီးခြားလူနာဆောင်များ၊ လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းများ အသင့်ပြင်ဆင်ထားရှိခြင်း၊ ပြည်သူလူထုအတွင်း ရောဂါကာကွယ်ရေး နည်းလမ်းများအား ကျန်းမာရေးအသိပညာပေးခြင်းတို့အား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက် ရှိပါသည်။

၄။      Mpox (မျောက်ကျောက်) ရောဂါသည် လိင်မှတစ်ဆင့် ကူးစက်ခြင်း၊ အရေပြားထိတွေ့ခြင်း၊ မျက်နှာချင်းဆိုင် အနီးကပ်တွေ့ဆုံခြင်းတို့ဖြင့် ကူးစက်ခြင်း၊ ရောဂါပိုးကပ်ငြိနေသော အရာဝတ္တု များကို ကိုင်တွယ်ထိတွေ့ခြင်း၊ ရောဂါပိုးကူးစက်ခံရသော တိရစ္ဆာန်နှင့် တိုက်ရိုက်ထိတွေ့ခြင်းတို့ဖြင့် ကူးစက်ခြင်းများအားဖြင့် အဓိကကူးစက်နိုင်ပါသည်။

၅။      Mpox (မျောက်ကျောက်) ရောဂါ သံသယလက္ခဏာခံစားနေရသူနှင့် အနီးကပ်ထိတွေ့မှုကို ရှောင်ကြဉ်ခြင်း၊ အနီးကပ်ထိတွေ့မှုကို ရှောင်လွှဲ၍မရပါက လက်အိတ်ဝတ်ဆင်ခြင်းနှင့် နှာခေါင်း စည်းကို တပ်ဆင်ခြင်း၊ လက်ကို ဆပ်ပြာနှင့် ရေ (သို့မဟုတ်) ရေမလိုလက်သန့်ဆေးရည် အသုံးပြု၍ စနစ်တကျ ဆေးကြောခြင်း၊ သံသယရောဂါလက္ခဏာခံစားနေရသူ၏ အသုံးအဆောင်ပစ္စည်းများကို ကိုယ်တွယ်ရာတွင် လက်အိတ်ဝတ်ဆင်ခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ခြင်းတို့ဖြင့် ရောဂါကူးစက် မှုမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။

၆။      ပြည်သူလူထုအနေဖြင့် ဖျား၍ မျက်နှာ၊ လက်၊ ခြေထောက်၊ ပါးစပ်နှင့် လိင်အင်္ဂါများတွင် အနီကွက်များနှင့်အတူ အရည်ကြည်ဖုများပေါက်ခြင်း၊ ပြန်ရည်အိတ် (lymph node) များရောင်ရမ်း ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ မောပမ်းနွမ်းနယ်ခြင်းအစရှိသော လက္ခဏာ များရှိခြင်း၊ ဖျားခြင်းနှင့် အနီစက်/အရည်ကြည်ဖုထွက်ခြင်း ရောဂါလက္ခဏာ ခံစားနေရသူများ (အထူးသဖြင့် ရောဂါပိုးတွေ့ရှိရာ နိုင်ငံ/ဒေသများမှ လွန်ခဲ့သော ၂၁ ရက်အတွင်း ပြန်လာသူများ)နှင့် ထိတွေ့မိခြင်းရှိပါက နိုင်ငံတကာ (သို့မဟုတ်) ပြည်တွင်းခရီးသွားခြင်းကို ရှောင်ကြဉ်သင့်ပြီး နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပို့၍ ကုသမှုခံယူကြပါရန် သတင်းထုတ်ပြန်အပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၈-၂၀၂၄)

  • မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ်မှ လက်ရှိအချိန်အထိ သံသယလူနာများ၏ ဓာတ်ခွဲနမူနာ ၁၂၉ ခု အား ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာ Mpox (မျောက်ကျောက်)ရောဂါအတည်ပြုလူနာ မရှိသေး။
  • Mpox (မျောက်ကျောက်) ရောဂါသည် လိင်မှတစ်ဆင့် ကူးစက်ခြင်း၊ အရေပြားထိတွေ့ခြင်း၊ မျက်နှာချင်းဆိုင် အနီးကပ်တွေ့ဆုံခြင်း၊ ရောဂါပိုးကပ်ငြိနေသော အရာဝတ္တုများကို ကိုင်တွယ် ခြင်း၊ ရောဂါပိုးကူးစက်ခံရသော တိရစ္ဆာန်နှင့် တိုက်ရိုက်ထိတွေ့ခြင်းတို့မှ အဓိကကူးစက်နိုင်။
  • လက်ကို ဆပ်ပြာနှင့် ရေ(သို့မဟုတ်) ရေမလိုလက်သန့်ဆေးရည် အသုံးပြု၍ စနစ်တကျဆေး ကြောခြင်း၊ သံသယရောဂါလက္ခဏာ ခံစားနေရသူ၏ အသုံးအဆောင်ပစ္စည်းများကို ကိုင်တွယ် ရာတွင် လက်အိတ်ဝတ်ဆင်ခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ခြင်းတို့ဖြင့် ၎င်းရောဂါကူးစက်မှုမှ ကာကွယ်နိုင်။
  • ပြည်သူလူထုအနေဖြင့် (အထူးသဖြင့် ရောဂါပိုးတွေ့ရှိရာ နိုင်ငံ/ဒေသများမှ လွန်ခဲ့သော ၂၁ ရက် အတွင်း ပြန်လာသူများ)နှင့် ထိတွေ့မိခြင်းရှိပါက နိုင်ငံတကာ (သို့မဟုတ်) ပြည်တွင်းခရီးသွား ခြင်းကို ရှောင်ကြဉ်သင့်ပြီး နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပို့၍ ကုသမှုခံယူရန်။

 

 

 

 

 

 

 

 

 

 

 

 

 

Add new comment