နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ်လ ၁၂ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ ကူဘင်ကာဒေသတွင်ကျင်းပခဲ့သည့် နိုင်ငံတကာ စစ်ဘက်နည်းပညာ ဖိုရမ် (International Military Technical Forum)(ARMY-2024) ဖွင့်ပွဲ အခမ်းအနားနှင့် မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ Vladi-mir Putin က Video Conferencing ဖြင့် မိန့်ခွန်းပြောကြားခဲ့ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးက အဖွင့် အမှာစကားပြောကြား၍ Army Forum 2024 ကို ဖွင့်လှစ်ပေးပြီးနောက် ဖိတ်ကြားထားသော ကုမ္ပဏီများမှ တာဝန်ရှိသူများက သက်ဆိုင်ရာပြခန်း အသီးသီးတွင် ပြသထားသည့် စစ်လက်နက် ပစ္စည်းများ ထုတ်လုပ်မှုအခြေအနေ၊ ထုတ်လုပ်ထားရှိသည့် စစ်လက်နက်ပစ္စည်းများနှင့် စစ်သုံး ယာဉ် များကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။
ဩဂုတ်လ ၁၃ ရက် နံနက်ပိုင်း၌ Army 2024 ဖိုရမ်ပြခန်းများ ခင်းကျင်းပြသထားမှုကို ဒုတိယနေ့အဖြစ်သွားရောက်ကြည့်ရှုခဲ့ရာ သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူများက သတင်း အချက်အလက် စီမံခန့်ခွဲမှုစနစ်နှင့် ခေတ်သစ်စစ်ပွဲတွင်အသုံးပြုနေသည့် သတင်းလုံခြုံမှုစနစ်ဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ Drone နှင့် Anti Drone နည်းပညာဆိုင်ရာ ပစ္စည်းများ၊ အဆင့် မြင့်ထုတ်လုပ်ထားသည့် လက်နက်/ခဲယမ်းဆိုင်ရာ ပစ္စည်းများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြခန်းအတွင်း ပြသထားသည့် တိုက်ခိုက်ရေးယာဉ်များ၊ စစ်လက်နက်ပစ္စည်းများ၊ UAV နှင့် Drone များကို ကြည့်ရှု လေ့လာခဲ့ကြပါသည်။
ညနေပိုင်းတွင်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကာကွယ်ရေးဝန်ကြီး မစ္စတာအန်ဒရီဘီလူဆော့ဗ် (Mr. Andrei Belousov) နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆိုင်ရာနယ်ပယ်ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ စစ်ဘက် နည်းပညာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရေး၊ ပညာတော်သင်သင်တန်းသား စေလွှတ်ရေး နှင့် မြန်မာနိုင်ငံနှင့်ဒေသတွင်း လတ်တလောဖြစ်ပေါ်နေမှုအခြေအနေတို့ကို အမြင်ချင်းဖလှယ် ဆွေး နွေးခဲ့ကြပါသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ ကူဘင်ကာဒေသတွင် ဩဂုတ်လ ၁၂ ရက်မှ ၁၄ ရက် အထိကျင်းပခဲ့သည့် Army 2024 ဖိုရမ်တွင် ခေတ်မီနည်းပညာဆိုင်ရာ ပြခန်းပေါင်း ၁၅၀၀ ကျော်ပြသခဲ့ပြီး ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအဆင့် ၂၁ ဦးအပါအဝင် နိုင်ငံပေါင်း ၅၂ နိုင်ငံမှကာကွယ်ရေးဆိုင်ရာအဆင့်မြင့် ကိုယ်စားလှယ်အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သိရှိရ ပါသည်။
သတင်းရင်းမြစ်။( မြဝတီသတင်းစာ ၁၈-၈-၂၄)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ ကူဘင်ကာဒေသတွင်ကျင်းပခဲ့သည့် နိုင်ငံတကာ စစ်ဘက် နည်းပညာ ဖိုရမ် (International Military Technical Forum)(ARMY-2024) ဖွင့်ပွဲ အခမ်း အနားနှင့် မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်ခဲ့။
- ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရုရှား ကာကွယ်ရေးဝန်ကြီး မစ္စတာအန်ဒရီဘီလူဆော့ဗ် (Mr. Andrei Belousov) နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆိုင်ရာနယ်ပယ်ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရေးနှင့် မြန်မာနိုင်ငံ နှင့် ဒေသတွင်း လတ်တလောဖြစ်ပေါ်နေမှုအခြေအနေတို့ကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
Add new comment