ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်း၍ သိပ္ပံပွဲတော်၂၀၂၄ ကျင်းပ

ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ROSATOM” နှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် သိပ္ပံပွဲတော် ၂၀၂၄ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၁၅ ရက်တွင် ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် နျူကလီးယားနည်းပညာ သတင်းအချက်အလက် စင်တာများ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E.Mr. Iskander Azizov သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရုရှားနိုင်ငံသံအမတ်ကြီးက ဂုဏ်ပြုအမှာစကားပြောကြား၍ တက်ရောက်လာသူများနှင့်အတူ ခင်းကျင်းပြသထားသည့် ပြခန်း များကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ပါသည်။

အဆိုပါပွဲတော်ကို ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် နျူကလီးယားနည်းပညာ သတင်းအချက် အလက်စင်တာ၌ ဩဂုတ်လ ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပပြုလုပ်ခဲ့ရာ-

  • ပထမနေ့တွင် HackAtom ပြိုင်ပွဲဝင်အသင်းများ၏ အသင်းလိုက်ယှဉ်ပြိုင်ဖြေဆိုမှုများကို Moscow Engineering Physics Institute မှ ပါမောက္ခများပါဝင်သော ဒိုင်အဖွဲ့က မေးခွန်း များမေးမြန်းပြီး အကဲဖြတ်အမှတ်ပေးကြရာ ပထမ၊ ဒုတိယနှင့် တတိယဆုရအသင်းများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့။
  • ဒုတိယနေ့တွင် နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ကျောင်းသားများပါဝင်သော အသင်းရှစ်သင်းတို့က သက်ဆိုင်ရာဘာသာရပ်များကို Performance များဖြင့် ပါဝင်ယှဉ်ပြိုင် ခဲ့ရာ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်အသင်းက ပထမဆု၊ ရန်ကုန်နည်းပညာ အသင်းက ဒုတိယဆုနှင့် နည်းပညာတက္ကသိုလ်(သန်လျင်)အသင်းက တတိယဆုများရရှိခဲ့။
  • တတိယနေ့နံနက်ပိုင်းတွင် ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ် တို့မှ အမျိုးသမီးသိပ္ပံပညာရှင်နှစ်ဦး၏ “Tough question: become a Female Scientist” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကျင်းပခဲ့ပြီး မွန်းလွဲပိုင်းတွင် နျူကလီးယားနည်းပညာ ဆိုင်ရာ ဉာဏ်စမ်းဂိမ်းယှဉ်ပြိုင်မှုများ၌ ပါဝင်ကူညီပေးကြပြီး ROSATOM မှ ချီးမြှင့်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ တက္ကသိုလ်များတွင် မဟာဘွဲ့ပညာသင် ဆုရရှိကြသူများအား ဒုတိယဝန်ကြီးက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့။

ဘွဲ့ကြို၊ ဘွဲ့လွန်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်ပညာရှင်များအထိ နျူကလီးယား ပညာရပ်အပါအဝင် သိပ္ပံဆိုင်ရာအသိအမြင်များ၊ အတွေ့အကြုံဗဟုသုတများ တိုးပွားလာစေခြင်း၊ ပညာရေးကဏ္ဍတွင် လူငယ်များ၏ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးနိုင်ခြင်း၊ မီဒီယာများမှတစ်ဆင့် နိုင်ငံအတွင်း နျူကလီးယားစွမ်းအင်ဆိုင်ရာ အသိပညာများ ပြန့်ပွားလာမည်ဖြစ်သည့်အတွက် နိုင်ငံတော်၏ သိပ္ပံနှင့်နျူကလီးယားစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ရာတွင် များစွာအထောက်အကူ ပြုနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၈-၂၀၂၄)

  • ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ROSATOM” နှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် သိပ္ပံပွဲတော် ၂၀၂၄ အခမ်းအနားကို ဩဂုတ်လ ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပပြုလုပ်ခဲ့။

 

 

Add new comment