ဩဂုတ်လ ၁၅ ရက်တွင် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ဖြူးမြို့နယ်၊ ညောင်ပင် သာဘူတာမှ လုံခြုံရေးကင်းလှည့်ထွက်ခွာလာသည့် သံလမ်းပြေးယာဉ် (RGC-89) ညောင်ပင်သာနှင့် ဖြူးဘူတာအကြားဖြတ်သန်းစဉ် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က Remote မိုင်းဖြင့်ဖောက်ခွဲခဲ့ သဖြင့် လမ်းချော်ကျမှုဖြစ်ပွားခဲ့ပြီး လူစီးရထားနှင့် ကုန်ရထားများ ကြန့်ကြာမှုဖြစ်ပေါ်ခဲ့ရာ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တို့က အချိန်နှင့်တစ်ပြေးညီရောက်ရှိပြီး လမ်းပိုင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ရထားလမ်းပြန်လည်ပြုပြင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ရန်ကုန်မြို့မှ ထွက်ခွာလာသည့် အမှတ်(၁)အဆန် ရန်ကုန်-မန္တလေး စာပို့ရထား၊ အမှတ်(၁၁) အဆန် ရန်ကုန်-မန္တလေး လူစီးအမြန်ရထားနှင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်းပြေးဆွဲနေသည့် အမှတ်(၉၀၃) အဆန်ကုန်ရထားတို့ ရပ်တန့် စောင့်ဆိုင်းခဲ့ရပြီး လမ်းပိုင်းပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး၍ အသီးသီးပြန်လည် ထွက်ခွာနိုင်ခဲ့ကြောင်း သိရှိရပါသည်။
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန် အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ ဖျက်ဆီးခြင်း(၇၉)ကြိမ်၊ ရထားတံတား/သံလမ်းများအား မိုင်းခွဲဖျက်ဆီးခြင်း (၁၇၁)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁၆)ကြိမ် ကျူးလွန်ခဲ့ကြပါသည်။
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အများပြည်သူပိုင်အဆောက်အဦများအား နည်းလမ်း မျိုးစုံသုံး၍ ယခုကဲ့သို့ အကြိမ်ကြိမ်ကျူးလွန်ဖျက်ဆီးနေကြခြင်းဖြစ်သော်လည်း နိုင်ငံတော်အစိုးရ အနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့မြန်ဆန်စေရေး အတွက် ရထားလမ်းနှင့် အခြေခံအဆောက်အဦများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေး၊ ရထား ပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ အစဉ်တစိုက် အလေးထား စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၈-၂၀၂၄)
- ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ဖြူးမြို့နယ် ညောင်ပင်သာနှင့် ဖြူးဘူတာကြား မိုင်းပေါက်ကွဲမှုကြောင့် လုံခြုံရေးကင်းလှည့်သံလမ်းပြေးယာဉ် (RGC-89) လမ်းချော်ကျမှု ဖြစ်ပွားပြီး လူစီးရထားနှင့်ကုန်ရထားများ ကြန့်ကြာမှုဖြစ်ပွားခဲ့။
- အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန် အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေ အတွင်း ဗုံးထောင်မိုင်းခွဲ/ ဖျက်ဆီးခြင်း(၇၉)ကြိမ်၊ ရထားတံတား/သံလမ်းများအား မိုင်းခွဲဖျက်ဆီးခြင်း (၁၇၁)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ ဖျက်ဆီးခြင်း (၁၆)ကြိမ် ကျူးလွန်ခဲ့။
Add new comment